Saturday, March 16, 2013

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်များကို ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချမှုကို လက်ရှိအချိန်တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

"ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ်မှာတော့ တက်နေတယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန်အထိ ညွှန်ကြားထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။