Saturday, March 16, 2013

၂၀၁၃ ခုနှစ် နိုဝင်ဘာလမတိုင်မီ လွှတ်တော်ရုပ်သံအသစ် ထုတ်လွှင့်မည်

၂၀၁၃ ခုနှစ် နိုဝင်ဘာလမတိုင်မီ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် Free To Air (အခမဲ့) လိုင်းသစ်များတွင် လွှတ်တော် ရုပ်သံလိုင်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ယင်းကဲ့သို့ Free To Air (အခမဲ့) လိုင်းသစ်များ ထုတ်လွှင့် ပေးနိုင်ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဂျစ်တယ်လွှင့်စက် အလုံး ၂၀ ၀ယ်ယူ တပ်ဆင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဘတ်ဂျတ်တွင် ထည့်သွင်း လျာထားကြောင်း၊ ထိုသို့ဒီဂျစ်တယ် စက်သစ်များ တပ်ဆင်၍ အဆင့်ဆင့် ဒီဂျစ်တယ်စနစ် ထူထောင်ပြီးပါက ရုပ်မြင်သံကြားလိုင်း လေးလိုင်းခန့် Free To Air (အခမဲ့) တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထုတ်လွှင့်လျက်ရှိသော MRTV-4 ရုပ်သံလိုင်းသည် မြန်မာ့ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိက ဖက်စပ်ထုတ်လွှင့်ခြင်း ဖြစ်ပြီး Free To Air (အခမဲ့) ကိုမူ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များ၌သာ ထုတ်လွှင့်ထားကာ ကျန်နေရာများတွင် အခမဲ့ဖမ်းယူ၍ မရရှိနိုင်ကြောင်း၊ လွှတ်တော်ရုပ်သံလိုင်းကို မြန်မာရုပ်မြင်သံကြားနှင့် ဖက်စပ်ဖြစ်သော Sky Net မှ နှစ်နာရီခန့် နောက်ကျ (Delay) ဖြင့် လွှတ်တော် အစီအစဉ် အစအဆုံး ထုတ်လွှင့်ပေးလျက်ရှိပြီး မိဘပြည်သူများ ကြည့်ရှုနိုင်ရန် စီစဉ်ထားပေးကြောင်း ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင်သံကြား အစီအစဉ်များကို ထပ်ဆင့်အသံလွှင့်ရုံ ၂၂၇ ရုံ တည်ဆောက်၍ Free To Air (အခမဲ့)လိုင်း ထုတ်လွှင့်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၉၂ ဒဿမ ၇ ရာခိုင်နှုန်းက ဖမ်းယူရရှိကြောင်း၊ သို့ရာတွင် လွှင့်စက်အားလုံးသည် Analog စက်များ တပ်ဆင်ထုတ်လွှင့်နေသောကြောင့် Analog စနစ်သည် လိုင်းတစ်လိုင်းသာ ထုတ်လွှင့်နိုင်ပြီး အစီအစဉ် အမျိုးမျိုး ထည့်သွင်းနိုင်ကြောင်းနှင့် လွှင့်စက်တစ်လုံးတည်းတွင် တစ်ပြိုင်တည်း အခြားလိုင်း တစ်လိုင်း ထပ်မံထုတ်လွှင့်၍ မရနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။