Saturday, March 16, 2013

ဆယ်အိမ်မှူးပါဝါပြ ထိုးကြိတ်ခဲ့သူ ပုသိမ်ကြီးရဲစခန်း၌ အမှုဖွင့်ခံနေရ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စု ကုန်းတန်းလေးကျေးရွာအတွင်း ဆိုင်ကယ်တစ်စီးပျောက်ဆုံး မှုနှင့် ပတ်သက်၍ စစ်ဆေးစဉ်သက်သေလိုက်ပါလာသူအား ကျေးရွာ ဆယ်အိမ်မှူးမှ အပြစ်မရှိဘဲ ဥပဒေမဲ့စွာ ဆဲဆို ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်ထံမှသိရသည်။

 

အဆိုပါအမှုအား သက်ဆိုင်ရာ ပုသိမ်ကြီးရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သိရှိရသည်။

 

အဆိုပါ ဖြစ်စဉ်မှာ မတ်လ(၈)ရက်နေ့က ကုန်းတန်းလေးကျေးရွာ အတွင်းရှိ ဦးစိုး၊ ဒေါ်သန်းသန်းဝင်း နေအိမ်မှ ဆိုင်ကယ် တစ်စီးပျောက်ဆုံးသွားသဖြင့် ပုသိမ်ကြီးရဲစခန်းမှ (၉)ရက်နေ့ ည(၁၁)နာရီခွဲ အချိန်၌ သံသယရှိသူ မောင်အောင်ကိုဝင်း (ခ)ဖက်တီးအား ရာအိမ်မှူး ဦးကျော်ဝင်း၏ နေအိမ်တွင် ခေါ်ယူ စစ်ဆေးခဲ့သည်။

 

ထိုကဲ့သို့စစ်ဆေးစဉ်တွင်ဆယ်အိမ်မှုးမှ သက်သေလိုက်ပါလာသော ကိုသိန်းစောမင်းနှင့် ကိုမျိုးအောင် တို့ကို အချိန်မေးမြန်းရာ ကိုသိန်းစောမင်းမှ နာရီမရှိသောကြောင့် အချိန်လွဲမှားစွာ ပြောကြားခဲ့သည့် အပေါ် ဆယ်အိမ်မှူးက"ငါတာဝန်ရှိလို့လုပ်တာကွ ၊ မင်းက ဘာ. . . .ဆင့်ရှိလို့လဲ"ဟု အစချီကာ ဆဲရေးတိုင်းထွာပြီး ပါးအား ဘယ်ပြန်၊ညာပြန် ရိုက်ကာ ညာဘက်နံစောင်းကို ဖနောင့်ဖြင့် ဆောင့် ကန်ခဲ့ကြောင်း ရိုက်နှက်ခံရသူက ပြောသည်။

 

"အဲဒီနေ့က ကျွန်တော့် သူငယ်ချင်းဖက်တီးက ကျွန်တော်တို့နဲ့ အတူတူရှိနေတဲ့အကြောင်း၊ သူ့အိမ်ပြန် ချိန်ကို မေးတော့ ကျွန်တော့်မှာလည်းနာရီ မရှိတာနဲ့ မှန်းပြီးပြောလိုက်တာကို  ဆယ်အိမ်မှုးက ကျွန်တော့်ကို တာဝန်ရှိလို့လုပ်တာကွဆိုပြီး ငါကိုင်ကာ ဆဲရေးတိုင်းထွားပြီး ပါးကို ဘယ်၊ ညာ လွှဲ ရိုက်တယ်၊ နောက် ညာဘက်နံစောင်းကို ခြေဖနောင့်နဲ့ ဆောင့်ကန်တယ်။ ကျွန်တော်နဲ့လည်း ဘာမှမဆိုင်သလို အပြစ်မရှိတဲ့ သူငယ်ချင်းအတွက် အာမခံပေးဖို့ လာတဲ့သူကို ဒီလို တာဝန်အရ ဆိုကာ အနိုင်အထက်ပြုကျင့်တာကို ဘယ်လိုမှ မခံနိုင်ပါဘူး။ အခုဆို ကျွန်တော် အလုပ်မသွားနိုင် ပါဘူး၊ သွားတွေလည်းနှဲ့ကုန်တယ်၊ ရင်ဘက်ထဲကလည်း အောင့်နေလို့ ဆေးခန်းပြနေရပါတယ်။ ဒီကိစ္စကို  ဆက်လက်ပြီး သက်ဆိုင်ရာအဆင့်ဆင့် ကို တရားဥပဒေအရ အရေးယူပေးဖို့ တိုင်ကြား သွားမှာပါဟု" အရိုက်ခံခဲ့ရတဲ့ ကိုသိန်းစောမင်းက ဆိုသည်။

 

အရိုက်ခံရသူသည် ကုန်းတန်းလေးကျေးရွာမှ ဖြစ်ပြီး အဆိုပါကျေးရွာ၌ အခြေခံလူတန်းစားများ အများစု နေထိုင်ကြောင်း သိရသည်။

 

 "ဒါဟာအရမ်းကို အနိုင်ကျင့်ရာရောက်ပါတယ် နယ်ထိန်းတစ်ယောက်လုံးရှေ့မှာ ရှိနေတာကို  တရားဥပဒေမဲ့ လုပ်တာဖြစ်လို့ ကျွန်တော်တို့က ဒီလို မရှိဆင်းရဲသားတွေအပေါ်ကို အနိုင် ပြုကျင့်တာကို လက်သင့်မခံနိုင်ပါဘူး။ အခုဆို ဒီကလေး အလုပ်ကိုမသွားနိုင်ဘူး သွားတွေလည်း နဲ့ကုန်တယ်၊ ရင်ဘက်တွေလည်းအောင့်နေတယ်၊ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စား အလုပ်သမား တွေဖြစ်တဲ့အတွက် ကိုယ်ချင်းစာတရားမရှိတဲ့ ဒီဆယ်အိမ်မှုးကို အရေးယူသင့်ပါတယ်" ဟု မျက်မြင်သက်သေ   ဖြစ်သူ ကိုမောင်နိုင်က ပြောသည်။

 

ဆယ်အိမ်မှူးတစ်ဦးအနေဖြင့် အမှုနှင့်မသက်ဆိုင်သူတစ်ဦးအား ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်သည့် လုပ်ရပ်မှာ ဒီမိုကရေစီနိုင်ငံ၌ လူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း ဥပဒေမဲ့လုပ်ရပ်များမှာ လက်ရှိ ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေသောမြန်မာနိုင်ငံ၌ လုံးဝမရှိသင့်တော့ကြောင်း ILOနှင့်ဆက်သွယ်၍လူ့အခွင့်ရေးလုပ်ငန်းများဦးဆောင်လှုပ်ရှားနေသူ ကိုအေးသိန်းက ဆိုသည်။

 

အဆိုပါကိစ္စကို ပုသိမ်ကြီးမြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း၊ ပုသိမ်ကြီးတရားရုံးတွင် ဦးတိုက် လျှောက်ထားကြောင်း ရဲလုပ်ငန်းခွင်နှင့်အညီ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စခန်းမှူး ရဲအုပ်ချစ်ဝေက ဆိုသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။