Tuesday, March 12, 2013

နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်

မဲဆောက် ကားမတော်တဆမှု မြန်မာကလေးတွေ ထိခိုက်သေဆုံး

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖွတ်ဖရမြို့နယ် ၄၂ ကီလိုမီတာမှာရှိတဲ့ The Best Friend အကောင်းဆုံး မိတ်ဆွေလို့ခေါ်တဲ့ ရွှေ့ပြောင်း စာသင်ကျောင်းက ကျောင်းသား ကျောင်းသူ ၄၀ လောက် လိုက်ပါလာတဲ့ ကျောင်းကားနဲ့ အရပ်သား ကားတစီး တိုက်မိခဲ့ပြီး ကလေးအယောက် ၃၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကားတိုက်မှု ကြောင့် လသားအရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး ၁၀ ဦးကတော့ မဲဆောက်နဲ့ ဖွတ်ဖရဆေးရုံတွေမှာ အရေးပေါ် ကုသမှုခံနေရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေ စိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၈၀ လောက်ရှိတဲ့အနက် ဖွတ်ဖရမြို့နယ်ထဲက အကောင်းဆုံးမိတ်ဆွေ စာသင်ကျောင်း မှာတော့ ကျောင်းသား ၄၀၀ ခန့် ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း မှာတော့ ကျောင်းကြို ကားကို အရပ်သားကားတစီးက နေက်ကနေ တိုက်မိတဲ့အတွက် ကား ၂ စီးလုံး ချောက်ထဲကျခဲ့ပြီး ကလေးတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဖွတ်ဖရမြို့နယ်ထဲ က ဒေသခံတဦးက အခုလို ပြောပါတယ်။

"အားလုံးပေါင်းက ၃၀ အမ။ ပထမ မဲဆောက်ဆေးရုံကြီးကို ပို့တာ ၇ ယောက်လေ။ ဖွတ်ဖရဆေးရုံမှာ ကျန်တာက ၃ ယောက်ပေါ့။ သက်သာတယ် အရေးမကြီးဘူးဆိုပြီး ကျောင်း ကို ခေါ်လာခဲ့တဲ့ သူတွေထဲကနေပြီးတော့ ၁၂ ယောက်ကို အခု မဲဆောက် ဆေးရုံကြီးကို ခေါ်သွား ရတယ်။ အခြေအနေ ဆိုးတဲ့သူတွေက မဲဆောက်ပေါ့။ ဆရာမ ၁ ယောက်ပါတယ်။ အဲ့ဆရာမရဲ့ သားလေးက ၃ လသားပဲရှိတယ်။ သေသွားတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့သူ ၁၃ ယောက်ပေါ့။ တယောက်ဆိုရင် ခြေထောက်တောင်မှပဲ ဖြတ်ရမလိုလို ဘာလိုလို။ ကျောင်း ကားက အဲ့ဒီနားမှာ အိမ်ရှိတယ်လေ။ ကျောင်းသား ၂ ယောက်ကို ကြိုပြီး ကွေ့မယ်အလုပ် မှာ နောက်က ကားက အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်သွားတာပေါ့။ ၀င်တိုက်တော့ နှစ်စီးစလုံး အဲ့ဒီမှာ ချောက်ထဲ ကို ပြုတ်ကျသွားတာ။ ကလေးက အယောက် ၃၀၊ ကားသမားကတော့ နည်းနည်းပါးပါးတော့ ထိတာပေါ့။ နောက်က ၀င်တိုက်တဲ့ ကားသမားကတော့ ဆိုင်ကယ်လ်နဲ့ ထွက်ပြေးသွားတယ်။ သိပ်မထိခိုက်တဲ့ ကလေးတွေကလည်း ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေကို မြင်ပြီးတော့ ကြောက်လန့်တဲ့ ကလေးတွေလည်း ရှိသေးတယ်လေ။"

ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကတော့ မိဘမဲ့ကလေးတွေ၊ မိဘက အဝေးမှာ သွားအလုပ်လုပ်နေ သူတွေရဲ့ ကလေးတွေ၊ စိုက်ခင်းတွေထဲမှာ နေ့စဉ် အလုပ်လုပ်နေသူတွေရဲ့ ကလေးတွေ ပါဝင်ပါတယ်။ ကလေး အတော်များများကို  ကျောင်းတက်နိုင်ဖို့အတွက် မိဘတွေကို ပညာပေးမှုတွေ လုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီစာသင်ကျောင်းက ကလေးတွေကို ထိုင်းကျောင်းတခုက တွဲဘက်ကျောင်းအဖြစ် ထားရှိပြီး၊ လိုအပ်တဲ့ ပညာရေး အထောက်အပံ့ ပေးမှုတွေကိုလည်း စီစဉ်ထားပေးပါတယ်။ လက်ရှိမှာတော့ စာမေးပွဲကြီး ဖြေဆိုဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ ကလေးအတော်များများ ကားတိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်သွားရ တယ်လို့လည်း ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာ ထိုက်သူအောင် က ပြောပြပါတယ်။

"အဓိကကတော့ ကျောင်းကား လာရိုးလာစဉ်အတိုင်းမှာ ဒီလို နောက်က ကားတစီးကနေ တိုက်တဲ့အခါကျတော့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကားဆိုတဲ့ဟာကို ထပ်စီးဖို့ သူတို့ တော်တော် ကြောက်လန့်နေတယ်။ အခုက တပိုင်းကလည်း ကျနော်တို့ စာမေးပွဲ ဖြေဆိုဖို့ရာ အချိန်ကလည်း နီးကပ်လာနေပြီ။ နီးကပ်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာဖြစ်တဲ့ အတွက် စာမေးပွဲအပေါ်မှာလည်း အများကြီး ပြဿနာ တက်လာနိုင်တယ်ပေါ့။ ရွှေ့ပြောင်း အလုပ်သမား တော်တော်များများ က ကြောက်လန့်ကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။
တော်တော်လည်း ၀မ်းနည်းကြတယ်ပေါ့။ ပညာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်တော့ တော်တော်လေးကို ကျောင်းပေါ်မှာ ဒီကလေးတွေ ရောက်လာဖို့အတွက် ကို ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ ပညာပေးမှုတွေ တော်တော် လုပ်ရတယ်ပေါ့။ ဒီနေ့ တက်သွားတဲ့ ပြဿနာက ပညာရေးမှာ ကလေးတွေ ပါဝင်လာဖို့အတွက် ရွှေ့ပြောင်း အလုပ်သမား မိသားစုတွေနဲ့ အဟန့်အတားတခု အကြီးအကျယ် ဖြစ်လာနိုင်တယ်။ ရွှေ့ပြောင်း အလုပ်သ မားတွေအနေနဲ့လည်း ကျောင်းကားတွေစီးပြီး ကျောင်းတက်ရမယ့် သူတို့ ကလေး တွေကို စိတ်ပိုင်းဆိုင်ရာအရတော့ မလုံခြုံဘူးလို့ ခံယူသွားမယ်လို့ ကျနော်တို့ ထင်ပါတယ်။"

နောက်ဆုံးအခြေအနေအရ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ ကလေးတဦး ကတော့ ခြေထောက်ဖြတ်ပစ်ရမယ့် အခြေအနေထိ ဆိုးရွားခဲ့ပြီး တချို့ကလေးတွေကလည်း ခွဲစိတ်ကုသရမယ့် အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။ ဖွတ်ဖရမြို့နယ်ဟာ  စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်နေရတဲ့ မြို့နယ်ဖြစ်ပြီး  ကလေး အတော်များများဟာ စိုက်ခင်းတွေထဲမှာ ကလေး အလုပ်သမားတွေအဖြစ် အများဆုံး တွေ့နေရတာပါ။

ကျောင်းတက်နိုင်တဲ့ ကလေးတွေ နည်းပါးပြီး အဲ့ဒီဒေသမှာ ကလေးကူးသန်းရောင်းဝယ်မှုတွေ၊ ကလေးအလုပ်သမားတွေ၊ ကလေးတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအ၀င် ကလေးပျောက်ဆုံး မှုတွေ၊ ကလေးတွေအတွက် မလုံခြုံမှု ဖြစ်ရတာတွေကို အမြဲလိုလို ကြုံတွေ့နေကြရတာလည်း ဖြစ် ပါတယ်။

မအေးအေးမာ (ဗွီအိုအေ)

ပြန်/ဆက် ဒု ညွှန်မှူးကို ဌာနတွင်း အမိန့်ချတော့မည်

ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန်မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးမျိုးဝင်းကို ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်/ဆက် ဦးစီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးချက်များမှ ရရှိလာသည့် အချက်အလက်များနှင့် အခင်းဖြစ်ပွားမှု ဖြစ်စဉ်အပေါ် မူတည်၍ ပြစ်ဒဏ် သက်ရောက်မည် ဖြစ်ကြောင်း ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

"ကျနော်တို့ ရုံးတွင်း စစ်ဆေးရေး အဖွဲ့ကတော့ သူ့ (ဦးမျိုးဝင်း) ကို စစ်ဆေးနေစဲပါ၊ ဘယ်လို ပြစ်ဒဏ်မျိုးလဲ ဆိုတာကတော့ စစ်ဆေးဆဲ အချိန်မှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေးပါဘူး။ စစ်ဆေးချက်တွေအပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ အမိန့်ချမှာပါ။ ကျနော်တို့ ဌာနကလည်း ဝန်ထမ်း စည်းမျဉ်းအရ အရေးယူ ဆောင်ရွက်သွားမှာပါ" ဟု ဦးမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။

အမှုစစ်ဆေးစဉ် ကာလအတွင်း ဦးမျိုးဝင်း၏ ဌာနလုပ်ငန်းတာဝန်များကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

ယခုလ ၂ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ မြဝတီ ဆီဆိုင်အနီးတွင် ပဏာမ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ၃ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဦးမျိုးဝင်းက လမ်းပြောင်းပြန် မောင်းပြီး ဝင်တိုက်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ထိုအမှုဖြင့်ပင် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) ရဲစခန်းတွင် ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမျိုးဝင်းကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းအမှုကို ကိုယ်တိုင် စစ်ဆေးပြီး တရားလိုအဖြစ် အမှုဖွင့်ထားသူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲအုပ် ကျော်ကျော်နိုင်က ပြောသည်။

"ဦးမျိုးဝင်းက တဖက်လူတွေရဲ့ ယာဉ်ကြောကို ဝင်ရောက်တိုက်တဲ့အတွက် နစ်နာသူတွေရဲ့ ကိုယ်စား ကျနော်က တရားလို လုပ်ပြီးတော့ အမှုဖွင့်ခဲ့တာပါ။ ဆေးစာတွေ အကုန်လုံး စုံပြီး ရဲလုပ်ငန်းပြီးတာနဲ့ ဥပဒေရုံးကို အကြံတောင်း တင်ပြီး ခွင့်ပြုချက် ရတာနဲ့ တရားစွဲမယ်။ သူတို့ဆီကိုလည်း ခွင့်ပြုချက် တောင်းရဦးမှာလေ။ ညွှန်ကြားရေးမှူးဆိုတော့ အကြောင်းကြားစာကတော့ ဖြစ်ပြီး နောက်တနေ့မှာပဲ ပို့ထားပြီးပါပြီ" ဟု ဒုရဲအုပ် ကျော်ကျော်နိုင်က ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသွားသော ပိုက်ကျော်ခြင်း အားကစားသမား ၃ ဦးသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) အတွက် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူများ ဖြစ်ပြီး နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ရေး ကာလတွင် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွဋ်ခိုင်လွင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကစားသမား ၃ ဦးအား နေပြည်တော် ကုတင် ၁ ထောင်ဆံ့ ဆေးရုံကြီးတွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူခဲ့ရာမှ ၂ ဦးမှာ သက်သာလာပြီ ဖြစ်သဖြင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီဖြစ်ကြောင်း ကျန်တဦးမှာလည်း တလခန့် အနားယူပြီးလျှင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကစားသမား ၃ ဦး၏ မိခင်အဖွဲ့အစည်းဖြစ်သော ရန်ကုန် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဗိုလ်ကြီး ကျော်ဇင်မိုးက ပြောသည်။

"နှစ်ယောက်ကတော့ ပွန်းပဲ့ရုံပဲ ဆေးရုံကဆင်းလာပြီ၊ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ အနေအထား ရောက်နေပါပြီ။ ကျန်တဲ့ တယောက်ကတော့ ပေါင်မှာ ထိထားတော့ တလလောက်တော့ အနားယူရဦးမှာပေါ့။ သူတို့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ဗိုလ်ကြီး ကျော်ဇင်မိုးက ဧရာဝတီသို့ ပြောသည်။

အမှုကြေအေးရန် ဦးမျိုးဝင်းက ဒဏ်ရာရ အားကစားသမားများ၏ သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

အမှုဖြစ်စဉ် နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် ဦးမျိုးဝင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း မရပေ။

အမျိုးသမီး တဦး အသတ်ခံရမှု တံတားဦး လူထု ဆန္ဒပြ

မန္တလေးတိုင်း တံတားဦးမြို့၌ အသတ်ခံရသည့် မစန်းစန်းဝင်း ဆိုသော အမျိုးသမီးအတွက် တရားခံဟု ယူဆရသူအား သေဒဏ်ပေး အရေးယူရန် မြို့လူထု အင်အား ၅၀၀ ခန့်က ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြ တောင်းဆိုမှု ယနေ့နံနက်တွင် ဖြစ်ပွားသည်။

အသတ်ခံရသည့် မစန်းစန်းဝင်း(ခ) မဂွတို သည် အသက် ၃၃ နှစ်ခန့်ရှိပြီး တံတားဦးမြို့ ကားဂိတ်များတွင် မုန့်ရောင်းချသည့် ခေါင်း ရွက်ဗျတ်ထိုးဈေးသည် တဦးဖြစ်ကြောင်း၊ ဉာဏ်ရည်လည်း မပြည်မီသူတဦး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ နံနက်ပိုင်းက တရားခံဟု စွပ်စွဲခံရသူ ကိုဝင်းအောင်စိုးက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့လူထုက ပြောဆိုသည်။

ကိုဝင်းအောင်စိုးက မစန်းစန်းဝင်းကို တံတားဦးမြို့ ပုဏ္ဏားကုန်း သင်္ချိုင်းကုန်းသို့ လှည့်ဖျား ခေါ်ဆောင်၍ အဓမ္မ ပြုကျင့် သတ်ဖြတ် လိုက်ခြင်းဖြစ်သည်ဟုလည်း မြို့လူထုက ယူဆနေကြသည်။

တံတားဦးမြို့ခံတဦးဖြစ်သူ ဦးသန့်ဇင်က"ဒီအမျိုးသမီးက မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတာ၊ ရက်ရက်စက်စက် အသတ်ခံရတာဆိုတော့ မြို့လူထုက ကရုဏာ သက်ကြတယ်၊ ဒါကြောင့် သေဒဏ်ပေးဖို့ အထိ တောင်းဆိုကြတာပါ"ဟု ပြော ဆိုသည်။

မစန်းစန်းဝင်းသည် ဦးခေါင်း တခုလုံးနီးပါး ကြေမွစွာ ထုရိုက်ခံထားရပြီး တကိုယ်လုံးတွင်လည်း ဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်း ဖြစ် ကြောင်း သိရသည်။

လူသတ်တရားခံဟု စွပ်စွဲခံရသည့် ကိုဝင်းအောင်စိုးမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဇာတိဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော် အခြေ စိုက် ခြေမြန်တပ်ရင်း ၄၃၈ မှ တပ်သားတဦး ဖြစ်ကြောင်း၊ ယခုအခါ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ အဓမ္မပြုကျင့်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ ဆေးစစ်ချက် မရသေး၍ အမှု မဖွင့်ရသေးကြောင်း တားဦး ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။

တံတားဦး မြို့ခံများကမူ ယင်းအမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးခြင်း 

ကို မလိုလားဘဲ အရပ်ဘက် တရားရုံးတွင် စစ်ဆေး အပြစ်ပေးခြင်းကို လိုလားလျက်ရှိသည်ဟု ဆိုသည်။

NLD ဗဟို ခေါင်းဆောင်များ အဖြစ် ရခိုင်အမျိုးသား ဒါဇင်ဝက်ခန့် ရွေးချယ်ခံရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရခိုင်အမျိုးသား (၅) ဦး  ဗဟို ထိပ်ပိုင်း ခေါင်းဆောင်များ နေရာတွင် ရွေးချယ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

(ဓါတ်ပုံ- Mizzima)

(ဓါတ်ပုံ- Mizzima)

တောင်ကုတ်မြို့မှ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် NLD အမတ် ဦးကျော်ခိုင်မှာ သဘာပတိ အဖွဲ့ဝင် ဖြစ်လာပြီး ၁၉၉၀ ခုနှစ် ဂွမြို့နယ် NLD အမတ် ဦးညီပုမှာ CEC (ဗဟို အလုပ်အမူဆောင်) အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဗဟိုကော်မီတီ (CC) အဖြစ် လေးဦးရွေးချယ် တင်မြှောက်ခံခဲ့ရပြီး၎င်းတို့မှာ တောင်ကုတ်မြို့မှ ဦးမင်းအောင်၊ မာန်အောင်မြို့မှ ၁၉၉၀ ရွှေးကောက်ပွဲနိုင် NLD အမတ် ဦးသိန်းမောင်၊ ရသေ့တောင်မှ NLD အမတ် ဦးမောင်ကြွင်းအောင်နှင့် ဂွမြို့နယ် ၁၉၉၀ အမတ် ဦးညီပု တို့ ဖြစ်ကြသည်။

ညီလာခံသို့ ရခိုင်မှ ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခွင့် ရခဲ့သော်လည်း (၂) ဦးပျက်ကွက်ခဲ့သဖြင့် ၃၉ ဦးသာ တက်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၈ ရက်နေ့က စတင်ပြီး သုံးရက်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကို ၂၅ နှစ်တာကာလတွင် အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပြီး ရခိုင်ခေါင်းဆောင်များကို နေရာပေးမူ အတွက် ၀မ်းမြောက်ကြိုဆိုကြောင်း NLD ရခိုင်ကိုယ်စားလှယ်များက ပြောသည်။

ဟံသာဝတီ လေဆိပ် စီမံကိန်းအား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ် စိတ်ဝင်စား

ရန်ကုန် (မဇ္ဈိမ)။   ။ ပဲခူးတိုင်း အတွင်းတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့်လည်း နီးသောနေရာတွင် ဆက်လက် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံလိုသည့် Incheon International Airport Corporation (IIAC) အား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ်က ကူညီမည်ဟု
တောင်ကိုရီးယား အခြေစိုက် The Korea Herald (ကိုရီးယား သံတော်ဆင့်) သတင်းစာက မတ်လ ၁၀ ရက်နေ့က ရေးသားထားသည်။

ထိုလေဆိပ် တည်ဆောက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၆၀၀ အထိ ကုန်ကျနိုင်သည်ဟု
မျှော်မှန်းထားကြသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ ခွင့် ရရှိရန်အတွက် လျှောက်လွှာတင်ကြရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့သည်။ စီမံကိန်းကို ၁၉၉၄ ခုနှစ်တွင် ကိုရီးယား ကုမ္ပဏီ တခုက စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် စီမံကိန်း ရပ်ဆိုင်းသွားခဲ့သည်။

အာရှ၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စုစုပေါင်း ကုမ္ပဏီ ၃၀ သည် စီမံကိန်းအတွက် လျှောက်လွှာ တင်ခဲ့ကြကာ ငွေကြေးအင်အား၊ အတွေ့အကြုံ၊ ဝန်ထမ်းအင်အားနှင့် စက်ပစ္စည်း ကိရိယာ စုံလင်မှုတို့ကို အခြေခံ၍ ထိုအထဲမှ ကုမ္ပဏီ ၇ ခုကို စီမံကိန်းအတွက် ပဏာမ ရွေးချယ်ခဲ့သည်။

ထိုသို့ ပမာဏ ရွေးချယ်ခံထားရသော ကုမ္ပဏီ ၇ ခုထဲတွင် Incheon Airport Consortium အပြင် မြန်မာ၊
ဟောင်ကောင်၊ စင်္ကာပူနှင့် ပြင်သစ် ကုမ္ပဏီများ ပူးပေါင်းပါဝင်ထားသည့် Bouyeges Batiment International လည်း ပါဝင်သည်။

ယခုနှစ် ဇွန်လကုန်တွင် ၎င်းကုမ္ပဏီ ၇ ခု ထဲမှ ကုမ္ပဏီတခုကို အပြီးသတ် ရွေးချယ်လိမ့်မည်ဟု မျှော်လင့်ရကာ စီမံကိန်းအား အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်စနစ် သို့မဟုတ် BOT စနစ် (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း စနစ်) ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည် ဖော်သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

IIAC အနေဖြင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်နှင့် အလွတ်သဘောစာချုပ် တခု ချုပ်ဆိုထားပြီး ထိုစာချုပ်အရ လေဆိပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပုံနှင့် ပတ်သတ်သည့် ကျွမ်းကျင်မှုများ ဝေမျှပေးရန်နှင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်မှ ကြီးကြပ်ကွပ်ကဲနေသည့် စီးပွါးရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (EDCF) အစီအစဉ်ဖြင့် အတိုးနှုန်းနည်းပါးသော ချေးငွေများကို Incheon Airport Consortium အား ထုတ်ချေးနိုင်ရန် အပြန်အလှန် သဘောတူညီ ထားကြသည်ဟု The Korea Herald သတင်းစာတွင် ဖော်ပြထားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ယခုနှစ် ဇူလိုင်လတွင် ဆက်လက် တည်ဆောက်မည် ဖြစ်ပြီး သုံးနှစ်အတွင်းတွင် ပြီးစီးရန် မျှော်မှန်းထားကြသည်။

ထိုလေဆိပ်သစ် တည်နေရာသည် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၄၈ မိုင် အကွာတွင် တည်ရှိပြီး ပဲခူးတိုင်း ထဲတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တခု ဖြစ်သည်။ ထိုလေဆိပ်သစ် သည် တနှစ်လျှင် ခရီးသည် ၁၀ သန်း အထိ လက်ခံနိုင်မည် ဖြစ်သည်။

ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေးတွင် တည်ဆောက်မည့် ယင်းလေဆိပ်မှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အဆင်မီ နိုင်ငံတကာလေဆိပ်အဖြစ် ဧက ပေါင်း ၉,၆၀၀ ကျော် အကျယ်ဖြင့် အကောင်အထည်ဖေါ်မည်
ဖြစ်သည်။

ဟံသာဝတီ လေဆိပ်မှာ လက်ရှိမင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆခန့် ကြီးမားပြီး စင်္ကာပူနိုင်ငံရှိ ချန်ဂီ လေဆိပ်၊ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိ လေဆိပ်ကြီးများကဲ့သို့ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အာရှဒေသအတွင်း အရေးပါလာမည် ဖြစ်ကြောင်း သိရသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီဆွေးနွေးပွဲ မပြီးပြတ်သေး

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအကြား ၁၃ ကြိမ်မြောက်
အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တနင်္လာနေ့ မနက်က ဆွေးနွေးခဲ့ကြသည်။

အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့်ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေလည်ပိုင်းတွင် ရပ်နားပြီး ညနေပိုင်းထိပြန်လည် ဆွေးနွေးနိုင်ခြင်း
မရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

"အစိုးရဘက်ကနေ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ် ရပ်စဲလုပ်ရမယ်။ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင်အောင် လုပ်ရအောင်ဆိုပြီး တင်ပြတဲ့အပေါ် KIO ဘက်မှ အပစ်အခတ်ရေး မူအရ လက်ခံတယ်။ အပစ်အခတ် ရပ်စဲပြီးနောက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ အသေးစိတ် ဆွေးနွေးဖို့ လိုတယ်ဆိုပြီး ပြောတယ်" ဟု ဦးလမိုင်ဂွမ်ဂျာ က မဇ္စျိမကို
ပြောသည်။

ညပိုင်းတွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

"အပစ်အခတ် ရပ်စဲပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်း လုပ်မယ်။ ဆက်ဆံရေးရုံး ဆက်ထားမယ်။ IDP 
ပြန်လည်ထူထောင်ရေးလုပ်မယ်။ ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပေါက်အောင် ပြည်သူအကျိုး လုပ်မယ်ဆိုပြီး အစိုးရဘက်က တင်ပြတယ်" ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး စသည့်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး
ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင် စသူတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သက်သေအဖြစ် တက်ရောက်သူ တရုတ်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဝေါင်း မှာ ပီကင်းမြို့သို့ ယနေ့ည ၉ နာရီချိန်တွင် ပြန်လည်ထွက်ခွာရန်ရှိရာ ၎င်းရှိနေစဉ် ဆွေးနွေးမှု အဆုံးသတ်လို သဖြင့် ညနေ ထမင်းစားပြီးနောက် ဆွေးနွေးမှု ပြန်လည် စတင်မည် ဖြစ်ကြောင်း ဦးဂွမ်ဂျာက ပြောသည်။
 
ထူးခြားချက်မှာ မကြာသေးမီက တိုက်ပွဲ ဖြစ်ပွားခဲ့သော နှစ်ဖက် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ခြင်းဖစ်သည်။ ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမှ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်နှင့် အဖွဲ့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲအတွင်း လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကိုယ်စားလှယ်အဖြစ် ကရင်အမျိုးသားအစည်းအရုံးမှ ဒေးဗစ် သာကပေါ၊ မွန်ပြည်သစ်ပါတီ MNSP မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုပ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး (၁) ခူဦးရယ်၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA/SSPP မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့်အဖွဲ့၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် SSA/RCSS မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့်အဖွဲ့၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မှ ဦးအိုက်ရှားလနှင့် ဝါဒဖြန့်ချိရေးနှင့် ပညာရေးဌာ တာဝန်ခံ ဦးခမ်းမောင်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ဖိတ်ခေါ်ခဲ့သော်လည်း တရုတ်အစိုးရက
ပြည်ဝင်ခွင့် မပေးသဖြင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

"ကျနော်တို့ သွားဖို့ တင်တာဘဲ စနေ၊ တနင်္ဂနွေနဲ့သွားတိုးတော့ လမ်းဖြတ်ခွင့် တင်တာ ကျမလာလို့လေ။ ကျနော်တို့ တင်တာ နည်းနည်းနောက်ကျသွားလို့ မသွားနိုင်ဘူး" ဟု သူက မဇ္စျိမကို ပြောသည်။

ပြည်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကွမ်းအန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှူး ဦးပေါက်ယူလျန်နှင့် ဦးအောင်မြင့်တို့ သုံးဦး တက်ရောက်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ယနေ့ ဆွေးနွေးမှုတွင် စစ်တပ်ပိုင်းဆိုင်ရာများကို အဓိက ဆွေးနွေးမှုများ ပါဝင်သဖြင့် ယခင် ဆွေးနွေးမှုများ ထက်
နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကြကာ ကောင်းသည့် အလားအလာအဖြစ် ရှုမြင်ကြောင်း တရုတ်နယ်စပ် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

 "ဒီနေ့ ထူးခြားတာက တပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ပါတော့ ထူးခြားချက် ပိုများတယ်။ တပ်တွေ ရွှေ့ပြောင်းရေးတို့၊ စစ်ရှိန်လျော့ရေးတို့၊ တပ်အင်အား လျော့ရေးတို့ ပါတာပေါ့။ အစိုးရဘက်မှာ တိုင်းမှူးနှစ်ယောက် ပါတယ်။ ပန်ဝါ
ဒေသဆိုင်ရာ တပ်မှုးတွေ ပါတယ်။ တိုက်တဲ့ တိုက်ပွဲကို ညွန်ကြားတဲ့လူတွေ ပါတာပေါ့" ဟု သုံးသပ်ပြောကြားသည်။

ပထမဆုံးအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မည်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးစွမ်းရည် မြှင့်တင်ရန် ဘင်္ဂလား ပင်လယ်အော်တွင် စစ်သင်္ဘောများဖြင့် ပူးတွဲ စစ်ရေးလေ့ကျင်ရန်နှင့် ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၁၁ ရက်နေ့ထုတ် Times of India သတင်းစာက ဖော်ပြသည်။

အပေါ့စား ကမ်းထိုးရေယာဉ်ထက် ကြီးပြီး ကမ်းခြေစောင့် တိုက်သင်္ဘောထက် သေးငယ်သည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် Corvette မြန်မာစစ်သင်္ဘောငယ်များမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု မပြုလုပ်ခင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေရှိ Visakhapatnam ဆိပ်ကမ်းသို့ စနေနှင့် တနင်္ဂနွေနေ့များက ဝင်ရောက် ဆိုက်ကပ်လာသည်
ဟု ရေးသားထားသည်။

ကာကွယ်ရေးဆိုင်ရာ အထောက်အကူဖြစ်စေရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး A K Antony ဇန်နဝါရီလ အတွင်းက
မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီးနောက် ပြုလုပ်သည့် ပူးတွဲလေ့ကျင့်သည့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု
ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က အိန္ဒိယနိုင်ငံသည် မြန်မာနှင့် စစ်ရေး၊ စီးပွားရေး ချိတ်ဆက် တည်ဆောက်မှုများ လုပ်ဆောင်ခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာ နယ်နိမိတ် သတ်မှတ်သည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၏ နက်ရှိုင်းသည့် ဗျူဟာများကို ခြုံငုံ လျှော့ချပစ်နိုင်ရေး မူဝါဒတရပ်ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး N.A. K. Browne ခေါင်းဆောင်သည့် ငါးဦးပါ အိန္ဒိယ ကြည်း၊ ရေ၊ လေ အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ်အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်
တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲများတွင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေမှုများနှင့် ကျယ်ပြန့်သည့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများအပြင် အစိတ်အပိုင်း တရပ်အဖြစ် အနာဂတ် အကျိုးတူကဏ္ဍများအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ၏ မြန်မာတပ်မတော်အား စစ်ရေးစွမ်းရည် မြှင့်တင်ပေးမှု အစိတ်အပိုင်းတွင် စီမံကိန်း တရပ်အဖြစ်
မြန်မာလေတပ် တိုက်လေယာဉ်မှူးများအား ရှရှားနိုင်ငံလုပ် MI 35 မောင်းနှင်ပျံသန်း တိုက်ခိုက်ခြင်းကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို အိန္ဒိယက Islander အမျိုးအစား ပင်လယ်ပြင် ကင်းလှည့်
လေယာဉ် ၄ စင်း၊ ၁၀၅ မီလီမီတာ အပေါ့စား ဟောင်ဝစ်ဇာ အမြောက်များ၊ အမြောက်တင် ရေတပ် ရေယာဉ်များ၊ ဗုံးပစ်လောင်ချာနှင့် ရိုင်ဖယ်များ၊ အခြား စစ်လက်နက်ပစ္စည်းများကို ပေးပို့ခဲ့ဖူးသည်။

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

ရန်ကုန်(မဇ္ဈိမ)။    ။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းမြင့်က မြန်မာနိုင်ငံရှိ နာဂလူမျိုးများအား ချင်းမျိုးနွယ်စု ၅၃ စုတွင် ထည့်သွင်း သတ်မှတ်ခြင်းကို နာဂတိုင်းရင်းသားက သဘောမတူကြောင်း နာဂကျောင်းသားလူငယ်များ  အဖွဲ့ချူပ် ရန်ကုန် ဥက္ကဌ ဦးနော်အောင်ဆန်းက ပြောသည်။

နာဂတိုင်းရင်းသားများ သဘောမတူခြင်းမှာ ဘိုးဘွားအမျိုးအနွယ် တိဘက်-မြန်မာ အုပ်စုမှစ၍ အိန္ဒိယနှင့်
မြန်မာနှစ်နိုင်ငံတွင် နေထိုင်ကြသည့် အပြင် ကိုယ်ပိုင် ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတန်း အစဉ်အလာ ကြီးမား ခိုင်ခံ့သော သမိုင်းများ ရှိခဲ့သည့်အတွက် ဖြစ်ကြောင်း ဦးနော်အောင်ဆန်းက ယနေ့ပြုလုပ်သည့် ယုဇနဂါးဒင်း
ဟော်တယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

၎င်းက "အခုလို  ချင်းမျိုးနွယ်စု ၅၃ စုတွင် ပါဝင်သော  မျိုးနွယ်စု တစ်ခု အဖြစ်တရားဝင်ထည့်သွင်းပြီး ပြန်လည်
ဖြေကြားမှုက ၁၉၈၃ ခုနှစ်က အခြေခံတဲ့ သန်းခေါင် စာရင်း အရ ပြောတာက ပြည်စုံမှု မရှိဘူး။ဒီလိုပြောတာတွေက နာဂ လူမျိုး အချင်းချင်းကို စိတ် အနာတရဖြစ်စေပါတယ်။"ပာု ပြောသည်။

နာဂလူမျိုးများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အတည့်အလင်း သတ်မှတ်ပြဌာန်းထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။

နာဂ လူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုး ၁၃၅မျိုး ထဲတွင် ၁၉၃၁ ခုနှစ် ခန့် မှစ၍ ပါဝင်ခဲ့ ခြင်းဖြစ်ပြီး ယခု အချိန်မှ ချင်းလူမျိုးအတွင်းသို့   ထည့်သွင်းခြင်း ခံရကြောင်း နာဂနှစ်ချင်း ခရစ်ယာန် အဖွဲ့ ချုပ် အထွေထွေ အတွင်းရေးမှုး ဆရာတော် ဦးစိန်မောင်ကပြောသည်။

"ကျွန်တော်တို့  က ချင်းလူမျိုးမဖြစ်ချင်လို့  မပာုတ်ပါဘူး။တကယ်အမှန်ကို သိစေချင်လို့ပါ။ တိုင်းရင်းသားအားလုံးကို
လေးစားပါတယ်။"ပာု ဆရာတော် ဦးစိန်မောင်က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သတ်၍ ချင်း အမျိုးသား ပါတီမှ ကိုငယ်ပီးက "နာဂလူမျိုးတွေကို ချင်းအမျိုးသားထဲ မလိုလားဘဲ သွတ်သွင်းခံရတာပာာ စိတ်မကောင်းစရာပါ။ကျွန်တော်တို့က နယ်နမိတ်ချင်း ထိစပ်ပြီးတော့ သမိုင်းမှာ အဆက်အဆံ ရှိခဲ့ကြတယ်။ကျွန်တော်တို့ က ညီရင်းအစ်ကိုတွေပါပဲ။"ပာု ပြောသည်။

ချင်းလူမျိုးများနှင့် နာဂလူမျိုးများသည် ၀တ်စားဆင်ယင်ပုံများမှာ အနည်းငယ်သာ ကွဲပြားကြောင်း ကိုငယ်ပီးက ဆက်ပြောသည်။

နာဂလူမျိုးများသည့် အိန္ဒိယ၊မြန်မာ၊တရုတ်ပြည်ကြား ပတ်ကွိုင်တောင်တန်းဒေသနှင့် ထိစပ်လျှက် ဒေသများတွင်
နေထိုင်သည်။

မြန်မာနိုင်ငံတွင် နာဂလူမျိုး သုံးသိန်းကျော် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှိ လေရှီး၊လပာယ် နှင့် နန်းယွန်းစသည့်  မြို့ များတွင် လည်းကောင်း၊ကချင်ပြည်နယ် ရှင်ဗွေယန် မြိုနယ်ခွဲ၊ တနိုင်းမြို့နယ်နှင့် မြစ်ကြီးနားစသည့် မြိုနယ်များတွင် လည်းကောင်း နေထိုင် ကြသည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (၂၀) ရက်နေ့မြောက်တွင် ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၏ တိုင်းရင်းသား လူမျိုးနွယ်စု (၁၃၅)မျိုးနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်က ပြန်လည်ဖြေကြားမှု အပေါ် နာဂလူမျိုးက သဘောထား ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း အပြီးသတ်မည့် စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း

အိန္ဒိယ-မြန်မာ မဟာဗျုဟာမြောက်၊ ကုလားတန်မြစ်ကြောင်းကုန်သွယ်မှုဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းအားယခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ ဆိပ်ကမ်းတည်ဆောက်နေသောအိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးထံမှ သိရှိရသည်။

 

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်ကအိန္ဒိယနိုင်ငံ နယူးဒေလီတွင် နှစ်နိုင်ငံ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးတည်ဆောက်မှုလုပ်ငန်းများအား  အိန္ဒိယမှ အမေရိကန်ဒေါ်လာသန်း (၁၂၀) ရင်းနှီးမြှုပ်နှံကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

 ယခုလက်ရှိအနေအထားတွင်    ကုန်းမြေတည်ဆောက်မှုစီမံကိန်း အကြမ်းထည်လုပ်ငန်းများပြီးစီးနေပြီဖြစ် သော်လည်း ၎င်းနှင့်ဆက်စပ်ပြီးသင်္ဘောများ ချဉ်းကပ်ဆိပ်ခံတံတားနှစ်စင်း၊   ဆိပ်ကမ်းကုန်းမြေ မြေညှိလုပ်ငန်းများနှင့် ဆိပ်ကမ်းအဆောက်အဦးများအား အရှိန်အဟုန်မြင့် တည်ဆောက်လျက် ရှိကြောင်းသိရသည်။

 

"အခုနှစ် ဇွန်လအတွင်း တည်ဆောက်မှု စီမံကိန်းများအားလုံး ပြီးစီးနိုင်မှာပါ။အမှန်တော့ ဒီဆိပ်ကမ်းကို ၂၀၁၂ ခုနှစ်အတွင်း အပြီးသတ်နိုင်မှာလို့လျာထားခဲ့တာပါ။     ကျောက် အပါအ၀င်တည်ဆောက်မှု ပစ္စည်းတချို့ အခက်အခဲများကြောင့် လျာထားချက်များအတိုင်း မပြီးစီးနိုင်တာလည်း ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်ဒေသတွင်း ပဋိပက္ခကြောင့်   လုပ်ငန်းတွေ တစ်လနီးပါးလောက် ရပ်နားထားခဲ့ရတယ်" ဟု အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

 

စစ်တွေရေနက်ဆိမ်ကမ်း ပြီးစီးသည်နှင့်တစ်ပြိုင်နက်ပင်မကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအား ၂၀၁၄ခုနှစ်အတွင်း အပြီးသတ်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

 

အဆိုပါစီမံကိန်းပြီးစီးလာပါက အိန္ဒိယ- မြန်မာနှစ်နိုင်ငံ ပို့ကုန်သွင်းကုန်များကို လက်ရှိကုန်သွယ်မှုထက် ပိုမိုတိုးမြင့် တင်ပို့နိုင်မည်ဖြစ်ပြီး ရခိုင်ဒေသမှ ကုန်သည်များအနေဖြင့်လည်း အိန္ဒိယနှင့်ချိတ်ဆက်ပြီးကုန်သွယ်မှုများ ယခုထက်ပိုမိုပြုလုပ်လာနိုင်မည်ဖြစ်သည်။

 

ဆံပင်ဆိုးဆေးကြောင့် ဆံသားပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်နိုင်

ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏအရောင်အရင့်ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။

 

  "ဆိုးဆေးထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းတာတွေ အပြင် ဆံပင်ဆေးဆိုးက ပါဝင်တဲ့ ဓါတုပစ္စည်းတွေ နဲ့ ဆေးလိပ်ငွေ့တွေရယ် အခြားလေထု ညစ်ညမ်းစေတဲ့ အငွေ့တွေ ပေါင်းမိတဲ့အခါမှာ ကင်ဆာရောဂါ ဖြစ်နိုင် တဲ့ ဒြပ်ပေါင်း တစ်မျိုးကို ဖြစ်ပေါ်စေတယ်"ဟု မြောက်ဒဂုံမြို့နယ်၊ (၄၃)ရပ်ကွက်မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။  

     

 ဆံပင်ဆိုးဆေးအတွင်း၌ ပါဝင်သည့် ဓါတုပစ္စည်းများကြောင့် အလာဂျီ(Allergies) ဖြစ်ပွားစေနိုင်သည့်အပြင်   နောက်ဆက်တွဲရောဂါ ဆိုးကျိုးများအဖြစ် သားမြတ်၊ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နှင့် သွေးကင်ဆာရောဂါ များဖြစ်ပွားနိုင်ကြောင်း  ဆရာဝန်များထံမှ သိရှိရသည်။   

 

 ထို့အပြင် ဆံပင်ဆိုးဆေးများအား တာရှည်စွာဆေးဆိုးခြင်းဖြင့် ဆံပင်သားကို ပျက်စီးစေခြင်း၊ အရောင်ရင့်များ(အနက်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်အစရှိသည့်) အသုံးပြုခြင်းအားဖြင့် ဆံပင်သားကြမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်နှစ်ခွ ဖြစ်ခြင်းတို့ အများဆုံးဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း ဆံပင်အလှပြုပြင်ရေးဆိုင်များက  သိရှိရသည်။      

 

"ကောင်းတာကတော့ ဆိုးဆေးကို တစ်နှစ်လုံးမှ (၂)ခါလောက်ပဲ ဆိုးသင့်တယ်။ မကြာခဏဆိုးတာက ဆံပင်သားကို အရမ်းပျက်စီးစေနိုင်ပါတယ်။ အချို့ ဆိုးဆေးတွေက ဈေးပေါတော့ quality ညံ့တယ်။ အဲ့ဒါတွေကို ဆိုးမိရင် ဆံပင်ရဲ့အဆီဓါတ်တွေ ခမ်းခြောက်ကုန်ပြီး ဆံပင်နှစ်ခွဖြစ်ပေါ်စေတယ် " ဟု ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းမှ ဆံပင်အလှပြုပြင်ရေးဆိုင်ရှင်တစ်ဦး က ပြောသည်။

 

 ဆံပင်ဆိုးဆေးများမှာ ပြည်တွင်းထုတ်အမှတ်တံဆိပ်များအပြင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီ၊ ပြင်သစ်အစရှိ သည့်နိုင်ငံများမှလည်း တံဆိပ် အမျိုးမျိုးဖြင့် ဈေးကွက်တွင်းဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများ မှာ ငွေကျပ်(၃၀၀)၀န်းကျင်မှစ၍ ငွေကျပ်( တစ်သောင်း) ၀န်းကျင်ထိရှိကြောင်း သိရှိရသည်။  

   

 "ဆံပင်ဆိုးဆေးကို နှစ်လ တစ်ခါဆိုးရတယ်။ ဆေးဆိုးထားပြီး နှစ်လ သုံးလလောက်ကြာရင် ဆံပင်က   ဟိုတစ်ကွက် ဒီတစ်ကွက်ပြန်ဖြူလာတယ်။ ဆိုးဆေးတွေကြောင့် ဆံပင်ပျက်စီးတာ သိပေမယ့် လူမြင်ကောင်းအောင် ဆိုးရတယ်။ အခု ကင်ဆာတွေဘာတွေဖြစ်နိုင်တယ်ဆိုတော့ နည်းနည်းတော့ ဆင်ခြင်ရတော့မယ် " ဟု ကြည့်မြင်တိုင်မြို့နယ်မှ   ဒေါ်သန်းသန်းဌေးက ပြောသည်။ 

 

  ဆံပင်ဆိုးဆေးရေရှည်အသုံးပြုခြင်းကြောင့်  သွေးကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်းကိုလည်း အင်တာနက်သတင်းများအရ သိရသည်။

စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှုစီမံကိန်း စတင်

 မြန်မာနိုင်ငံတွင် ပထမဆုံး စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှုစီမံကိန်းကို  အကောင်အထည် ဖေါ်ထုတ်နိုင်ရေးအတွက် မတ်လ ပထမရက်သတ္တပတ်မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှသိရသည်။

 

`အခုလို စွန့်ပစ်ပစ္စည်းကို စွမ်းအင်လုပ်တယ်ဆိုတာ နိုင်ငံတကာက မြို့ပြတော်တော်များများမှာလုပ်ကြတယ်၊ လုပ်ဖို့လည်း လိုအပ်ပါတယ်၊ဒါပေမယ့် တစ်ခုရှိတာက ဒီလုပ်ငန်းတွေလုပ်မယ်ဆိုရင် နည်းပညာပိုင်း ကောင်းဖို့လိုတယ်၊ နည်းပညာ မကောင်းဘူးဆိုရင် ဓါတ်ငွေ့မလုံရင် လေထုညစ်ညမ်းမှုတွေ ရှိလာမှာပေါ့၊ သူများနိုင်ငံက ဥပမာတွေကို   လေ့လာဖို့ လိုလိမ့်မယ်´ဟု သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး နည်းပညာရှင်များအစုအဖွဲ့မှ ပညာရှင် ဒေါက်တာ ကျော်ငြိမ်းအေး သုံးသပ်သည်။

 

အဆိုပါ စီမံကိန်းတွင် စွန့်ပစ်အမှိုက်မှ Methane ဓါတ်ငွေ့ထုတ်ယူပြီး Generator ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူခြင်း၊ Methane ဓါတ်ငွေ့ကို ဖိအားပေးပြီး ၉၈% သန့်စင်သော စွမ်းအင်(CNG ဓါတ်ငွေ့) ထုတ်လုပ်ခြင်း ၊စွန့်ပစ်အမှိုက်ခြောက် ကို မီးရှို့ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း များ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

 

ယခုအခါတွင် အခြေခံ လုပ်ငန်း သုံးမျိုး အတွက်ခေါ်ယူထားသော်လည်း အဆိုတင်သွင်း သည့်ကုမ္ပဏီအချို့က စွန့်ပစ် အမှိုက်မှ ဒီဇယ်ဆီ ထုတ်လုပ်ခြင်းနည်းလမ်းများ ကဲ့သို့ အခြား နည်းလမ်းများ အနည်းငယ်ပါ အဆိုပြုလွှာတွင် တင်သွင်းထားကြောင်း ပါတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

 

ထိုလုပ်ငန်းစဉ်များအတွက် ဖေဖေါ်ဝါရီလအတွင်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ကြောင်း၊ တင်ဒါ တင်သွင်းလာသည့် ကုမ္ပဏီများ၏အဆိုပြုလွှာ များကို မြို့တော်စည်ပင် မှ  စီစစ်လျက်ရှိကြောင်း ၊တင်ဒါနှင့်ကိုက်ညီသော ကုမ္ပဏီများကို ပဏာမ ရွေးချယ်ထားပြီး ထိုထဲမှ နောက်ဆုံးအဆင့်အနေဖြင့် ထပ်မံ ရွေးချယ်သွားမည် ဖြစ်ကြောင်း  ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ လက်ထောက်ဌာနမှုး ဦးရဲမြင့်အောင် ထံမှသိရသည်။

 

မြန်မာနိုင်ငံတွင် စွန့်ပစ်ပလပ်စတစ်မှ အမှိုက်ပုံးများနှင့် ပလပ်စတစ် အမှိုက်အိတ်များသာ ထုတ်လုပ်နိုင်သော် လည်း ယခုအခါတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ထုတ်လုပ်နိုင်ရေးကိုပါ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။