Tuesday, March 12, 2013

ပထမဆုံးအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မည်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးစွမ်းရည် မြှင့်တင်ရန် ဘင်္ဂလား ပင်လယ်အော်တွင် စစ်သင်္ဘောများဖြင့် ပူးတွဲ စစ်ရေးလေ့ကျင်ရန်နှင့် ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၁၁ ရက်နေ့ထုတ် Times of India သတင်းစာက ဖော်ပြသည်။

အပေါ့စား ကမ်းထိုးရေယာဉ်ထက် ကြီးပြီး ကမ်းခြေစောင့် တိုက်သင်္ဘောထက် သေးငယ်သည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် Corvette မြန်မာစစ်သင်္ဘောငယ်များမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု မပြုလုပ်ခင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေရှိ Visakhapatnam ဆိပ်ကမ်းသို့ စနေနှင့် တနင်္ဂနွေနေ့များက ဝင်ရောက် ဆိုက်ကပ်လာသည်
ဟု ရေးသားထားသည်။

ကာကွယ်ရေးဆိုင်ရာ အထောက်အကူဖြစ်စေရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး A K Antony ဇန်နဝါရီလ အတွင်းက
မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီးနောက် ပြုလုပ်သည့် ပူးတွဲလေ့ကျင့်သည့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု
ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က အိန္ဒိယနိုင်ငံသည် မြန်မာနှင့် စစ်ရေး၊ စီးပွားရေး ချိတ်ဆက် တည်ဆောက်မှုများ လုပ်ဆောင်ခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာ နယ်နိမိတ် သတ်မှတ်သည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၏ နက်ရှိုင်းသည့် ဗျူဟာများကို ခြုံငုံ လျှော့ချပစ်နိုင်ရေး မူဝါဒတရပ်ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး N.A. K. Browne ခေါင်းဆောင်သည့် ငါးဦးပါ အိန္ဒိယ ကြည်း၊ ရေ၊ လေ အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ်အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်
တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲများတွင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေမှုများနှင့် ကျယ်ပြန့်သည့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများအပြင် အစိတ်အပိုင်း တရပ်အဖြစ် အနာဂတ် အကျိုးတူကဏ္ဍများအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ၏ မြန်မာတပ်မတော်အား စစ်ရေးစွမ်းရည် မြှင့်တင်ပေးမှု အစိတ်အပိုင်းတွင် စီမံကိန်း တရပ်အဖြစ်
မြန်မာလေတပ် တိုက်လေယာဉ်မှူးများအား ရှရှားနိုင်ငံလုပ် MI 35 မောင်းနှင်ပျံသန်း တိုက်ခိုက်ခြင်းကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို အိန္ဒိယက Islander အမျိုးအစား ပင်လယ်ပြင် ကင်းလှည့်
လေယာဉ် ၄ စင်း၊ ၁၀၅ မီလီမီတာ အပေါ့စား ဟောင်ဝစ်ဇာ အမြောက်များ၊ အမြောက်တင် ရေတပ် ရေယာဉ်များ၊ ဗုံးပစ်လောင်ချာနှင့် ရိုင်ဖယ်များ၊ အခြား စစ်လက်နက်ပစ္စည်းများကို ပေးပို့ခဲ့ဖူးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။