Tuesday, March 12, 2013

ဇွန်လအတွင်း အပြီးသတ်မည့် စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း

အိန္ဒိယ-မြန်မာ မဟာဗျုဟာမြောက်၊ ကုလားတန်မြစ်ကြောင်းကုန်သွယ်မှုဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းအားယခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ ဆိပ်ကမ်းတည်ဆောက်နေသောအိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးထံမှ သိရှိရသည်။

 

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်ကအိန္ဒိယနိုင်ငံ နယူးဒေလီတွင် နှစ်နိုင်ငံ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးတည်ဆောက်မှုလုပ်ငန်းများအား  အိန္ဒိယမှ အမေရိကန်ဒေါ်လာသန်း (၁၂၀) ရင်းနှီးမြှုပ်နှံကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

 ယခုလက်ရှိအနေအထားတွင်    ကုန်းမြေတည်ဆောက်မှုစီမံကိန်း အကြမ်းထည်လုပ်ငန်းများပြီးစီးနေပြီဖြစ် သော်လည်း ၎င်းနှင့်ဆက်စပ်ပြီးသင်္ဘောများ ချဉ်းကပ်ဆိပ်ခံတံတားနှစ်စင်း၊   ဆိပ်ကမ်းကုန်းမြေ မြေညှိလုပ်ငန်းများနှင့် ဆိပ်ကမ်းအဆောက်အဦးများအား အရှိန်အဟုန်မြင့် တည်ဆောက်လျက် ရှိကြောင်းသိရသည်။

 

"အခုနှစ် ဇွန်လအတွင်း တည်ဆောက်မှု စီမံကိန်းများအားလုံး ပြီးစီးနိုင်မှာပါ။အမှန်တော့ ဒီဆိပ်ကမ်းကို ၂၀၁၂ ခုနှစ်အတွင်း အပြီးသတ်နိုင်မှာလို့လျာထားခဲ့တာပါ။     ကျောက် အပါအ၀င်တည်ဆောက်မှု ပစ္စည်းတချို့ အခက်အခဲများကြောင့် လျာထားချက်များအတိုင်း မပြီးစီးနိုင်တာလည်း ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်ဒေသတွင်း ပဋိပက္ခကြောင့်   လုပ်ငန်းတွေ တစ်လနီးပါးလောက် ရပ်နားထားခဲ့ရတယ်" ဟု အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

 

စစ်တွေရေနက်ဆိမ်ကမ်း ပြီးစီးသည်နှင့်တစ်ပြိုင်နက်ပင်မကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအား ၂၀၁၄ခုနှစ်အတွင်း အပြီးသတ်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

 

အဆိုပါစီမံကိန်းပြီးစီးလာပါက အိန္ဒိယ- မြန်မာနှစ်နိုင်ငံ ပို့ကုန်သွင်းကုန်များကို လက်ရှိကုန်သွယ်မှုထက် ပိုမိုတိုးမြင့် တင်ပို့နိုင်မည်ဖြစ်ပြီး ရခိုင်ဒေသမှ ကုန်သည်များအနေဖြင့်လည်း အိန္ဒိယနှင့်ချိတ်ဆက်ပြီးကုန်သွယ်မှုများ ယခုထက်ပိုမိုပြုလုပ်လာနိုင်မည်ဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။