Tuesday, March 12, 2013

စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှုစီမံကိန်း စတင်

 မြန်မာနိုင်ငံတွင် ပထမဆုံး စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှုစီမံကိန်းကို  အကောင်အထည် ဖေါ်ထုတ်နိုင်ရေးအတွက် မတ်လ ပထမရက်သတ္တပတ်မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှသိရသည်။

 

`အခုလို စွန့်ပစ်ပစ္စည်းကို စွမ်းအင်လုပ်တယ်ဆိုတာ နိုင်ငံတကာက မြို့ပြတော်တော်များများမှာလုပ်ကြတယ်၊ လုပ်ဖို့လည်း လိုအပ်ပါတယ်၊ဒါပေမယ့် တစ်ခုရှိတာက ဒီလုပ်ငန်းတွေလုပ်မယ်ဆိုရင် နည်းပညာပိုင်း ကောင်းဖို့လိုတယ်၊ နည်းပညာ မကောင်းဘူးဆိုရင် ဓါတ်ငွေ့မလုံရင် လေထုညစ်ညမ်းမှုတွေ ရှိလာမှာပေါ့၊ သူများနိုင်ငံက ဥပမာတွေကို   လေ့လာဖို့ လိုလိမ့်မယ်´ဟု သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး နည်းပညာရှင်များအစုအဖွဲ့မှ ပညာရှင် ဒေါက်တာ ကျော်ငြိမ်းအေး သုံးသပ်သည်။

 

အဆိုပါ စီမံကိန်းတွင် စွန့်ပစ်အမှိုက်မှ Methane ဓါတ်ငွေ့ထုတ်ယူပြီး Generator ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူခြင်း၊ Methane ဓါတ်ငွေ့ကို ဖိအားပေးပြီး ၉၈% သန့်စင်သော စွမ်းအင်(CNG ဓါတ်ငွေ့) ထုတ်လုပ်ခြင်း ၊စွန့်ပစ်အမှိုက်ခြောက် ကို မီးရှို့ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း များ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

 

ယခုအခါတွင် အခြေခံ လုပ်ငန်း သုံးမျိုး အတွက်ခေါ်ယူထားသော်လည်း အဆိုတင်သွင်း သည့်ကုမ္ပဏီအချို့က စွန့်ပစ် အမှိုက်မှ ဒီဇယ်ဆီ ထုတ်လုပ်ခြင်းနည်းလမ်းများ ကဲ့သို့ အခြား နည်းလမ်းများ အနည်းငယ်ပါ အဆိုပြုလွှာတွင် တင်သွင်းထားကြောင်း ပါတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

 

ထိုလုပ်ငန်းစဉ်များအတွက် ဖေဖေါ်ဝါရီလအတွင်းက ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ကြောင်း၊ တင်ဒါ တင်သွင်းလာသည့် ကုမ္ပဏီများ၏အဆိုပြုလွှာ များကို မြို့တော်စည်ပင် မှ  စီစစ်လျက်ရှိကြောင်း ၊တင်ဒါနှင့်ကိုက်ညီသော ကုမ္ပဏီများကို ပဏာမ ရွေးချယ်ထားပြီး ထိုထဲမှ နောက်ဆုံးအဆင့်အနေဖြင့် ထပ်မံ ရွေးချယ်သွားမည် ဖြစ်ကြောင်း  ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ လက်ထောက်ဌာနမှုး ဦးရဲမြင့်အောင် ထံမှသိရသည်။

 

မြန်မာနိုင်ငံတွင် စွန့်ပစ်ပလပ်စတစ်မှ အမှိုက်ပုံးများနှင့် ပလပ်စတစ် အမှိုက်အိတ်များသာ ထုတ်လုပ်နိုင်သော် လည်း ယခုအခါတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ထုတ်လုပ်နိုင်ရေးကိုပါ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။