Thursday, January 24, 2013

လမ်းလျောက်အဖွဲ့အား မြို့နယ်ရဲစခန်းရှစ်ခုမှ အမှုဖွင့်ထား

ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေရာမှ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်

ပဲခူးခရိုင် ဝေါမြို့ ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်ရှိ တံတားတစ်စင်း ပျက်စီးမှုကြောင့် ယာဉ်ကြော ပိတ်ဆို့နေရာမှ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညမှစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင် ဝေါမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ ပဲခူး-စစ်တောင်း တူးမြောင်းဖြတ် တံတားပေါင်အား မြေတူးစက်တင် ယာဉ်တစ်စီးမှ ၀င်တိုက်ခဲ့မှုကြောင့် တံတားပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ရာ တံတားအား ၀င်တိုက်ခဲ့သည့် မော်တော်ယာဉ်အား ရှင်းလင်းနိုင်ခဲ့မှုကြောင့် ဇန်န၀ါရီလ ၂၂ နေ့ ည ၁၁ နာရီ အချိန်ခန့် မှစတင်ပြီး ပြန်လည် အဆင်ပြေသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ဇန်န ၀ါရီလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်ဝင်တိုက်ခဲ့မှုကြောင့် ပျက်စီးမှု ဖြစ်ပေါ်စေခဲ့သည့် တံတားပေါင်အား ကရိန်းများဖြင့် ပြန်လည် ဖယ်ရှားပေးခဲ့သော်လည်း ယနေ့ အချိန်အထိ တံတားအား ပြန်လည် ပြုပြင်ခြင်း မရှိသေးကြောင်း သိရသည်။    

အစိုးရ အိမ်ရာဟောင်းများကို အဆင့်မြင့်အိမ်ရာအဖြစ် ပြန်ဆောက်မည်

ရန်ကုန်မြို့ရှိ ပျက်စီးဟောင်းနွမ်းမှု များပြီး ခေတ်နှင့်မလျော်ညီသည့် အစိုးရပိုင် အိမ်ရာအဟောင်းများကို အဆင့်မြင့် အိမ်ရာ များအဖြစ် ပြုပြင်မည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ ပြောသည်။

အစိုးရပိုင်အိမ်ရာ အဟောင်းများဖြစ်သည့် ပြည်တော်သာအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ တောင်ဥက္ကလာပ အိမ်ရာ၊ ဗိုလ်အောင်ကျော် အိမ်ရာနှင့် တညင်းကုန်းအိမ်ရာများ အပါအဝင် ပျက်စီးဟောင်း နွမ်းမှုများပြီး ခေတ်နှင့်လျော် ညီမှုမရှိသည့် အိမ်ရာဟောင်းများကို အဆင့်မြင့် အိမ်ရာများအဖြစ် ပြုပြင်သွားမည်ဟု သိရသည်။

အိမ်ရာမှာ နေတဲ့သူတွေကိုတော့ အဆင့်မြှင့်တင်ဖို့ကိစ္စကို နားလည်အောင်ရှင်းပြရမှာပေါ့။ ဆောက်ပြီးရင်တော့ မူလနေ ထိုင်သူတွေကို ပြန်ပြီးနေထိုင်ခွင့်ပေးမယ်၊ အိမ်လခတွေတော့ ပြင်ရမှာပေါ့။ အခုက အလကား ထားသလိုကို ဖြစ်နေတာ" ဟု ဦးစိုးတင့်က ပြောသည်။

အစိုးရပိုင် အိမ်ရာများတွင် နေထိုင်သူများအနေဖြင့် နိုင်ငံတော်သို့ တလလျှင် ၆၀ ကျပ်နှုန်းသာ ပေးဆောင် နေထိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ရာများကို အဆင့်မြှင့် ပြန်လည် တည်ဆောက်ရန်အတွက် အိမ်ရာနေ ပြည်သူများနှင့် ညှိနှိုင်းနေပြီး လာမည့် ဘဏ္ဍာရေးနှစ်မှ စတင် တည်ဆောက်နိုင်ဖွယ် ရှိကြောင်း၊ အထပ်မြင့် အဆင့်မြင့်အိမ်ရာများ အဖြစ် ပြောင်းလဲပြီးပါက လူဦးရေ အများအပြား နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"မူလပိုင်ရှင်က နိုင်ငံတော်ပဲ။ နေတဲ့သူတွေကို အငှားချထားပေးတာ။ အခုအိမ်ရာတွေက အရမ်းကိုဟောင်းနွမ်းပြီး ခေတ်မမီ တော့ဘူး၊ နှစ်သိပ်ကြာနေတဲ့ အဆောက်အဦးတွေဆိုတော့ အန္တရာယ်ရှိနိုင်တယ်လေ" ဟု ဝန်ကြီးက ရှင်းပြသည်။

၁၉၆၀ ပြည့်နှစ် ကတည်းက တည်ဆောက်ခဲ့သည့် အစိုးရအိမ်ရာများမှာ ခေတ်နှင့်မလျော်ညီသကဲ့သို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့၏ အချက်အလက်များအရ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မိသားစုတစု လူဦးရေသည် ပျှမ်းမျှ ၅ ယောက်ဟု တွက်ချက်ထားသဖြင့် အစိုးရအိမ်ရာဟောင်းများ၏ ဖွဲ့စည်းပုံသည် အဆင်မပြေနိုင်ကြောင်း၊ အခန်း အကျယ်အဝန်းသည် ၂၀၀ စတုရန်းပေ ခန့်သာ ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲမည်ဆိုပါက အခန်းတခန်းလျှင် အနည်းဆုံး ၃၀၀ စတုရန်းပေ ပတ်လည် ရှိသင့်ကြောင်း သိရသည်။

အထပ်မြင့် တိုက်များအဖြစ် ပြောင်းလဲလိုက်ပါက မူလနေထိုင်သူများ၏ နေထိုင်ရေး အဆင်ပြေနိုင်သည့် အပြင် အိမ်ရာ လိုအပ်ချက် ရှိသူများအတွက်လည်း ပြဿနာ ပြေလည်နိုင်မည် ဖြစ်ကြောင်း မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သုံးသပ်သည်။

"အိမ်ရာဟောင်းတွေကို ပြန်လည်ဖွံ့ဖြိုးမှု လုပ်မယ်ဆိုရင် ဈေးကွက်ကိုလည်း ကြည့်ပြီးလုပ်ရမှာပဲ။ ဒါတွေက သက်တမ်း သတ်မှတ်ချက် မရှိပေမယ့် ပြန်ကြည့်ရမယ့် အနေအထားကို ရောက်နေပြီ" ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်တွင် အစိုးရအငှားချ အိမ်ရာအခန်းပေါင်း ၁၂၀၀၀ ကျော် ရှိပြီး ၁၉၆၀ ပြည့်နှစ် အိမ်ငှားရမ်းမှု ဥပဒေဖြင့် ပြည်သူ့ဝန်ထမ်းများကို ၎င်းတို့ရသည့် လစာ၏ ဆယ်ရာခိုင်နှုန်းဖြင့် ငှားခဲ့သည်ဟု သိရသည်။ ထို့ကြောင့် တိုက်ခန်းတခန်းလျှင် တလ ကျပ် ၈၈၀ မှ ၁၆၀၀၀ ကျပ်ဖြင့်သာ ငှားရမ်းထားပြီး တည်ဆောက်ခဲ့စဉ်က ကုန်ကျ ခဲ့သည့် ပမာဏကို ပြန်မရခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ အစိုးရပိုင် အိမ်ရာတွင် နေထိုင်သူတဦးက "အစိုးရက စာချုပ်နဲ့ ချထားပေပေမယ့် စာချုပ်မရှိတဲ့ သူတွေက အခန်းတွေကို အိုးအိမ်နဲ့ ရပ်ကွက် တာဝန်ရှိသူတွေကို အသိပေးပြီး နှစ်ဦးသဘောတူ ရောင်းစားထားတာတွေ ရှိတယ်" ဟု ပြောပြသည်။

အစိုးရပိုင် အခန်းများကို နှစ်ဦးသဘောတူရောင်းစားပြီး အမည်ပြောင်းခြင်း၊ ထပ်မံအငှား ချထားခြင်းများသည် လက်ရှိနေထိုင် သူဦးရေ၏ ထက်ဝက်ကျော်ပင် ရှိနေကြောင်း ယင်းက ဆိုသည်။

လက်ရှိ ယင်းတိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၄၀၀ ကျော်မှ သိန်းထောင်ချီသည် အထိ တန်ဖိုးများဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ငှားရမ်းနေထိုင်ပါက တလလျှင် ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် နိုင်ငံတွင်း လူဦးရေ တသိန်းအထက်ရှိသော မြို့ကြီးများတွင် အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် သွားရန်ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

စစ်၏ ဓားစာခံများနှင့် ကျောက်ကြီးည

ည်ကို စောင့်မျှော်နေကြသည့် ကျောက်ကြီးဒေသခံ မသန်စွမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြယ်ပြာ/ ဧရာဝတီ)

ချိုင်းထောက်များကို လေထဲသို့မြှောက်ရမ်း၍ ခြေတဘက်ကိုသာ အားပြုရသဖြင့် ယိုင်ထိုးနေကြသော ခန္ဓာကိုယ်များကို ထိန်းပြီး "အမေစု ကျန်းမာပါစေ"ဟု အော်ဟစ်လိုက်သံများ ညံသွားသည်။

ခြေတဘက်နှင့် ချိုင်းထောက် တချောင်းကို အားပြုကာ ဒေါ်အောင်ဆန်းစုကြည်၏ ကားဆီသို့ အလျှင်အမြန် သွားနေသူများကို ခြေနှစ်ဘက်စလုံး မရှိ၍ ကုလားထိုင်များပေါ်တွင် ထိုင်နေရသူများက အားကျသော မျက်ဝန်းများဖြင့်ကြည့်ရင်း ကျန်နေခဲ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်နှုတ်ဆက်လိုဇော တခုတည်းဖြင့် ၀ိုင်းအုံ တိုးဝှေ့နေသော မသန်စွမ်းများအား ကားကို ဖက်တွယ် လိုက်လာသည့် သူ့လုံခြုံရေးများက တွန်းဖယ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးများ၏ လက်များကို ရိုက်ဖယ်၍ "ဖယ်စမ်း ငါစကားပြောမယ်" ဟုဆိုကာ ကားကို ရပ်ခိုင်းလိုက်သည်။

"မသန်စွမ်း ဖြစ်နေကြတဲ့ ဘ၀ကို ၀မ်းနည်း အားငယ် မနေကြပါနဲ့။ ဒုက္ခ ရောက်နေသူတွေရဲ့ ဘ၀ကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့၊ ပြန်လည်ရှင်သန်ရေးကို ကူညီပေးဖို့ အုပ်ချုပ်ရေးမှူးကို ကျမပြောခဲ့ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အော်ဟစ်ပြောဆို လိုက်သည်။

ဤမြင်ကွင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့က ကျောက်ကြီး မြို့တော် ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ၍ စစ်လက်ကျန် မြေမြှုပ် မိုင်းဗုံးများအား ရှင်းလင်းပေးရန် သွားရောက် ဆွေးနွေးခဲ့ကြသည့် ခရီးစဉ်အတွင်း မြင်ကွင်း ဖြစ်သည်။

အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ တိုက်ပွဲများ စဉ်နွှဲနေစဉ် ကာလတလျှောက်လုံး မြှုပ်နှံခဲ့သော မြေမြှုပ်မိုင်းဗုံးများကို ဒေသခံပြည်သူများ မကြာခဏ နင်းမိ၍ မသန်စွမ်း ဘ၀သို့ ရောက်ရှိနေရသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၂၀ အရွယ်မှ ၇၈ နှစ်အထိ အရွယ်စုံ ပါဝင်သော မသန်စွမ်းသူ ၈၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် လမ်းမပေါ်တွင် မနက် ၁၀ နာရီဝန်းကျင် ကတည်းက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ခြေတဘက် ရှိသူများကြားတွင် ခြေနှစ်ဘက်စလုံး မရှိသူများကလည်း ကုလားထိုင်များဖြင့် ထိုင်နေကြသည်။

"အမေ အားပေးစကားလေး ပြောပေးခဲ့ပါဦး"၊ "ထာဝရ ငြိမ်းချမ်းရေး အမေယူလို့ပေး" ဆိုသော စာများကို ကတ်ထူစက္ကူ ပြားပေါ်တွင် ၎င်းတို့ကိုယ်တိုင် ရေးထားသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်မြှောက်ထားကြသည်။

၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် KNUတို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးနောက်၊ တိုက်ပွဲများ ရပ်ဆိုင်းခဲ့သော်လည်း နှစ်ဘက်လုံက အသီးသီး မြှုပ်နှံခဲ့သော ဗုံးများသည် ယင်းဒေသ၏ ဥယျာဉ်ခြံမြေများအတွင်း ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"ဗုံးကို နင်းမိလိုက်ကတည်းက တခါတည်း သေသွားခဲ့သင့်တာ။ အခုကျတော့ သွားလိုရာ မသွားရတဲ့ဘ၀။ မိုးတွေများ ရွာလို့ရှိရင် ခြေထောက်က တဆစ်ဆစ်နဲ့ ပြန်ကိုက်လာတယ်" ဟု ဘယ်ဘက် ခြေတု တပ်ထားရသည့် ဒေါ်စိုးစိုးက ပြောသည်။

ဒေါ်စိုးစိုးသည် ကျောက်ကြီးမြို့ ဗောဓိကုန်း ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၂၀၀၇ ခုနှစ်က တောင်ပေါ်သို့ မျှစ်ချိုးသွားရင်း မြေမြှုပ်မိုင်း တက်နင်းမိခဲ့သူဖြစ်၏။

မြေမြှုပ်မိုင်းဒဏ်ကြောင့် မသန်စွမ်းဖြစ်ရသူ အများစုမှာ လူကြီးပိုင်း အရွယ်များ ဖြစ်ပြီး တောင်ပေါ်၌ အလုပ်လုပ်ခြင်း၊ ဟင်းသီးဟင်းရွက် ခူးခြင်းမှ ဗုံးနင်းမိသူများ ၊ တချို့က စစ်ပွဲကာလအတွင်း အစိုးရစစ်တပ်မှ ရိက္ခာပို့ရန် ပေါ်တာဆွဲခြင်း ခံရပြီး မိုင်းဒဏ်သင့်ခဲ့ရသူများ ဖြစ်သည်။

အစိုးရ စာရင်းရှိ အရေအတွက်အရ ကျောက်ကြီးမြို့နှင့် မုန်းမြို့တွင် မသန်စွမ်းလူဦးရေပေါင်း ၃၃၃ ဦး ရှိသော်လည်း မသန်စွမ်း အများစု၏ ပြောကြားချက် အရဆိုလျှင် နှစ်မြို့ပေါင်း လူ ၅၀၀ ကျော်ရှိသည်ဟု သိရသည်။

မသန်စွမ်းများ အနေဖြင့် သာမန်လူများနှင့် နှိုင်းယှဉ်လျှင် အလုပ်အကိုင် ပေးလိုသည့် လုပ်ငန်းရှင် နည်းပါးခြင်းကြောင့် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့ရပြီး ယင်းကဲ့သို့ အလုပ်အကိုင်မရှိခြင်း၊ စိတ်ဆန္ဒ အလျှောက် သွားလာရန် ခက်ခဲမှုကြောင့် စိတ်ဓာတ်ကျခြင်းများနှင့် လုံးပန်းနေရသည်ဟု သိရသည်။

"ကျောက်ကြီးမြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်ရှိတယ်၊ တခုပဲ အတိုအပြတ် လွတ်တယ်၊ မိသားစုတစုမှာ အနည်းဆုံး မသန်စွမ်း တယောက်ရှိတယ်"ဟု ခြေထောက်နှစ်ဘက် စလုံး ပြတ်နေသည့် ဦးဆန်းလွင်က ဆိုသည်။

ဗုံးနင်းမိ၍ ဆေးရုံတက်ရ သူများအတွက် လိုအပ်သော သွေးများကို စာသင်တိုက်မှ ရဟန်းသံဃာများက ပေးလှူကြကြောင်း သိရသည်။

၂၀၀၇၊ ၂၀၀၈ ခုနှစ်တွင် ကျောက်ကြီးမြို့ အုပ်ချုပ်ရေးအဖွဲ့က ခြေတုလက်တုများ လုပ်ပေးမည်ဟု ပြောဆို၍ မသန်စွမ်း လူဦးရေ စာရင်းကို ကောက်ခံခဲ့ဖူးသည်။

သို့သော် မည်သို့မှ အကြောင်းထူး မလာခဲ့သဖြင့် နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) က မသန်စွမ်းများအား စားရိတ် စိုက်ထုတ်ကာ ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေး ဆေးရုံသို့ ခေါ်ဆောင်ကာ ခြေတု၊ လက်တုများ တပ်ဆင်ပေး ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ခြေတုလက်တု မရှိသေးသော မသန်စွမ်းများအား ပြုလုပ်ပေးရန်၊ သက်တမ်းကြာ၍ ပျက်စီး နေသော ခြေတုလက်တုများအား အသစ်ပြုလုပ်ပေးရန်၊ အလုပ်အကိုင်ရရန် ခက်ခဲခြင်းကို အတတ်နိုင်ဆုံး ကူညီပေးရန် ကျောက်ကြီးမြို့ အာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

အပစ်အခတ် ရပ်ဆဲရေး မယူသေးခင် ကာလက တရက်လျှင် တရွာကို အနည်းဆုံး လူ ၂ ယောက် မိုင်းနင်းမိကြကြောင်း၊ မိုင်းကွဲသံ ကြား၍ အကူအညီပေးရန် လာသူများလည်း မိုင်းနင်းမိ တတ်ကြောင်း၊ မိုင်းဒဏ်ကြောင့် ဆေးရုံရောက်သူများ အနေဖြင့် ထောက်ပံ့ကြေး တစုံတရာမရရှိဘဲ ကိုယ်ပိုင်ငွေကြေး ဖြင့်သာ ကုသခဲ့ရသည့်အတွက် စီးပွားရေး ကျဆင်းခဲ့သူများလည်း အများအပြား ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က တောထဲသွားရာမှ မိုင်းနင်းမိခဲ့ပြီး ညာခြေထောက် ဖြတ်လိုက်ရသူ ဦးဇော်အောင်က "ဒုက္ခိတ ဘ၀ကို မကျေနပ် ပေမယ့် ကံတရားကိုပဲ ပုံချရတာပဲလေ။ မကျေနပ်လို့ တော်လှန်ရင်လည်း ဘယ်သူထိခိုက်မှာလဲ" ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအတွက် အရေးပေါ် အထောက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ၌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြည်နယ်တိုင်း ဒေသကြီး အသီးသီးတွင် ကျန်ရှိနေသော မြေမြှုပ်မိုင်းများအား ရှာဖွေရှင်းလင်းခြင်း လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံး၌ အဖွဲ့ ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာတွင်လည်း မြေမြှုပ်မိုင်းများအား ရှင်းလင်းရာတွင် KNU အနေဖြင့်လည်း ပါဝင်ကူညီပေးရန် တိုက်တွန်းခဲ့သည်။

KNU ဆက်ဆံရေးရုံးတွင် ကြာရှည်စွာ ဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည် ပြန်အလာကို ဇွဲကောင်းကောင်းနှင့် ရပ်တန့် စောင့်ဆိုင်းနေကြသော မသန်စွမ်းများကို ညရောက်သည် အထိ မြင်နေရဆဲ ဖြစ်သည်။

မသန်စွမ်း အဖွဲ့အတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလံကို ကိုင်ဆောင်ထားသူ အမျိုးသမီးကြီးက "အမေစုလာရင် ချိုင်းထောက်တွေအားလုံး မြှောက်ပြကြနော်" ဟု အော်လိုက်ရာ ကျန်လူများက "မြှောက်လိုက်လို့ အားလုံး ပက်လက်လန်ကုန် ပါဦးမယ်" ဟု ပြန်ပြောကာ ရယ်မော နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် စောင့်နေသူများထဲတွင် မသန်စွမ်း လူငယ်များ နည်းနေရခြင်းမှာ ၎င်းတို့၏ မသန်စွမ်း ဘ၀ကို ယခုကဲ့သို့ လူအမြောက်အမြား အလယ်တွင် ပြသရန် ရှက်ရွံ့နေသဖြင့် အိမ်များ၌ ကျန်နေခဲ့ခြင်းဖြစ်သည်ဟု ပဒဲကော ရွာသား ဦးကျော်တင့်က ဆိုသည်။

"ကျနော်တို့လို ဒုက္ခိတမျိုး နောက်တခါ ထပ်မဖြစ်စေချင်တော့လို့ မိုင်းရှင်းလင်းရေးတွေ လုပ်စေချင်ပါပြီ။ ကျနော်တို့ ကိုယ်တိုင်လည်း ပါဝင်ချင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ည ၇ နာရီ အမှောင်ထု၏ အောက်တွင် ဖယောင်းတိုင်များ၊ မီးတုတ်များကို ကိုင်ဆောင်ထားပြီး ဇန်နဝါရီလ၏ အအေးဒဏ်ကို အံတုနေကြသော မသန်စွမ်းများနှင့် အတူ လူကောင်းများကိုလည်း ကားတစီး ဖြတ်သွားတိုင်း လမ်းကိုပိတ်ကာ ၀ိုင်းအုံ သွားလိုက်၊ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်း သိလျှင် လမ်းပြန်ဖွင့်ပေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့ကြသည်။

တရားသူကြီး၊ အမှုသည်နှင့် သက်သေများအနေဖြင့် အမှုသစ်တစ်ခု မစတင်မီ တရားခွင်တွင် ကျမ်းသစ္စာ ကျိန်ဆိုရေး အဆိုကို NLD တင်သွင်း

ဖြောင့်မတ်မှန်ကန် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများအနေဖြင့် အမှုသစ်တစ်ခု မစတင်မီ တရားခွင်တွင် ကျမ်းသစ္စာကျိန်ဆိုရေး အဆိုကို NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ဦးဝင်းမြင့်က ''ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီးအမှုသည် များနဲ့ သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးကို ထုံးမှန်နည်းကျ အထောက်အကူ ဖြစ်စေရန် တရားရုံးများ လက်စွဲဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ယင်းတရားရုံးများ လက်စွဲမှာ လမ်းညွှန်ချက်များကို တရားရုံးအသီးသီးက ကောင်းစွာ လိုက်နာ ကျင့်သုံးကြရပါတယ်။ ယင်းတရားရုံးများရဲ့ လက်စွဲအပိုဒ် ၇၅ မှာ ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ ၇ အရ ကျမ်းသစ္စာကျိန်ဆိုရန်နှင့် ကတိသစ္စာဆိုရန်များကို ပြဋ္ဌာန်းထားပါတယ်။ တရားရုံးများ လက်စွဲမှာ ပါရှိတဲ့ ဟိန္ဒူ ဘာသာဝင်၊မဟာမေဒင် ဘာသာဝင်နှင့် ကျမ်းသစ္စာကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့် ဘာသာဝင်မဆိုများနှင့် ပတ်သက်ပြီး သက်သေများအတွက် စကားပြန်များအတွက် ဂျူရီ လူကြီးများအတွက် ကတိသစ္စာဆိုခြင်း တို့ကိုလည်း လမ်းညွှန်ထားရှိပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့် ဘာသာဝင် မဆိုလို့ပါရှိတဲ့အတွက် ဒီအခွင့်အရေးကိုယူပြီး အမှုသည်များ၊ သက်သေများ၊ အထူးသဖြင့် အစိုးရ၀န်ထမ်းများနဲ့ ရဲအရာရှိသက်သေများဟာ ကျမ်းကျိန်ဆိုခြင်းမရှိပဲ ကတိသစ္စာကိုပဲ ပြုကြတာတွေ့ရပါတယ်။ ကတိသစ္စာပြုချက်ဟာ မှန်ကန်တဲ့ ထွက်ဆိုချက်ရဖို့ အမှုမှန်ပေါ်ပေါက်ဖို့ အလွန်ပဲ အားနည်းလှပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ပိုဆိုးတာက အမှုတစ်ခုကို အဆုံးအဖြတ်ပြုမယ့် တရားသူကြီးများဟာ တရားခွင်မှာ တရားစီရင်တဲ့အခါ ကျမ်းသစ္စာ ကျိန်ဆိုခြင်းလည်းမရှိ၊ ကတိသစ္စာ ပြုခြင်းလည်း မရှိကြတာပဲ ဖြစ်ပါတယ်။ ဒါဟာမှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ အထိန်းအကွပ်မရှိသလို ဖြစ်နေပါတယ်။ တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် မလိုအပ်သော်လည်း အမှုသစ်တစ်ခု စတင်စစ်ဆေးတဲ့အချိန်မှာ ကျမ်းသစ္စာကျိန်ဆိုရန် လိုအပ်ပါတယ်။ ဒီလို ကျိန်ဆိုနိုင်ရန် တရားရုံးများ လက်စွဲတွင်လည်း ထပ်မံဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

အမှုသည်များ၊သက်သေများ၊စကားပြန်များက ကျမ်းကျိန်ဆိုကြရပြီး တရားသူကြီးများ၊အစိုးရ၀န်ထမ်းများနဲ့ ရဲအရာရှိသက်သေများက ကျမ်းကျိန်ဆိုခြင်းမရှိကြတဲ့ အခါကျတော့ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေရတာ ဒီပုဂ္ဂိုလ်ကြောင့်လို့ ပြည်သူများက စွပ်စွဲပြစ်တင်မှုလည်း ခံရသလို ယုံကြည်မှုကင်းမဲ့မှုများကိုလည်း ကြားနေရပါတယ်။အမှုတစ်ခုကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဟုတ်တိုင်းမှန်စွာ ဆုံးဖြတ်နိုင်ဖို့ ပြည်သူများ ယုံကြည်မှု ရရှိစေဖို့ တရားသူကြီးများ အနေနဲ့လည်း ခုနကပြောသလို ကျမ်းသစ္စာကျိန်ဆိုရန် BCM မှာ ပြဋ္ဌာန်းပြီးတော့ အချိန်အခါအရ အမှန်တကယ်လို အပ်နေတာကို တွေ့ရှိရပါတယ်။အများပြည်သူ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန် တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေရန် ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ၆အရ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုရသော ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင် သက်သေများ၊ဂျူရီလူကြီးများ၊ စကားပြန်များမှအပ ကျန်ဘာသာဝင် တရားသူကြီးများ၊ အမှုသည်များ၊ သက်သေများ၊စကားပြန်များ အားလုံးဟာ အမှုသစ်တစ်ခုကို စတင်စစ်ဆေး စီရင်တဲ့အခါ တရားခွင်ရှေ့မှာ အမှုသည်သက်သေနှင့် ပြည်သူလူထုကို မဏ္ဍိုင်ပြု၍ ကတိသစ္စာကို မပြုကြပဲ ကျမ်းသစ္စာကိုကိုင်ပြီး မဖြစ်မနေ ကျိန်ဆိုရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်''ဟု စသည်ဖြင့် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရား သူကြီးဦးစိုးညွန့်က''...ကျမ်းသစ္စာ မကျိန်ဆိုရသေးတဲ့ ခရိုင်တရားသူကြီးများ၊မြို့နယ်တရားသူကြီးများကတော့ ကျမ်းသစ္စာမကျိန်ဆိုရ သေးပါဘူး။ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ်။အဲဒီလို ကျမ်းသစ္စာကျိန်ဆိုမယ်ဆိုလို့ရှိရင်တော့ တစ်ကြိမ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီ ဆိုလို့ရှိရင်တော့ လုံလောက်မယ်လို့ ယူဆပါကြောင်းကို တင်ပြလိုပါတယ်''ဟု စသည်ဖြင့် ပြန်လည် ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် DKBA တွေ့ဆုံဆွေးနွေး

DKBA နှင့် နယ်ခြားစောင့်တပ်များအကြား လက်နက်နှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် DKBA အဖွဲ့တို့ ဇန်န၀ါရီလ ၂၂ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား သတင်းဌာနဗဟို (KIC)တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်   ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ပါဝင်သည့်အဖွဲ့နှင့် DKBA ဘက်မှ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့်အဖွဲ့တို့ သုံးနာရီကျော် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။            

DKBA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောဆန်းအောင်က ''တွေ့ဆုံဆွေးနွေးမှုတွင် DKBA အဖွဲ့မှ နယ်ခြားစောင့်တပ်ဖွဲ့များထံမှ သိမ်းဆည်းထားသည့် လက်နက်များ ပြန်လည်ပေးအပ်ရေး၊ DKBA နှင့် နယ်ခြားစောင့် တပ်အကြား ဖြစ်ပွားခဲ့သည့် လက်နက်နှင့် တိုက်ပွဲပဋိပက္ခများ ထပ်မံမဖြစ်ပေါ်ရေး ကတိက၀တ်ပေးသည့် ဆွေးနွေးမှုမျိုးသာ ဖြစ်ကြောင်း''ပြောကြားခဲ့သည်ဟု သိရသည်။    

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တွေ့ဆုံဆွေးနွေးကြတာဟာ တပ်နေရာချထားရေးကိစ္စများ၊ ဆက်ဆံရေးရုံး ဖွင့်မည့်ကိစ္စများနှင့် DKBA အဖွဲ့၏ စားရေးသောက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်''ဟု ပြောကြားခဲ့ကြောင်း KIC သတင်းဌာနတွင် ဖော်ပြခဲ့သည်။                 

အစိုးရအဖွဲ့နှင့် DKBA အဖွဲ့တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။   

အိန္ဒိယ အလှဆင် အထပ်သား ကုမ္ပဏီ လာရောက်လုပ်ကိုင်မည်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံမှ အလှဆင် အထပ်သား ကုမ္ပဏီတခုဖြစ်သည့် Greenply Industries Ltd က မြန်မာ လက်အောက်ခံ ကုမ္ပဏီခွဲများမှ တဆင့် အိမ်ခန်းအလှဆင် အထပ်သား နှင့် ရိုးရိုး အထပ်သား ကုမ္ပဏီခွဲ
များ ဖွင့်လှစ်သွားမည်ဖြစ်ဟု ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောဆိုလိုက်သည်။

ရုံးခွဲများ ဖွင့်လှစ်ရာတွင် လိုအပ်သည့် ထောက်ခံချက်များအတွက် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေ
ကြောင်း The Hindu စီးပွားရေးသတင်းတရပ်တွင် ရေးသားသည်။

အဆိုပါ ကုမ္ပဏီသည် ရိုးရိုး အထပ်သားပြားများအပြင် အလတ်တန်းစား ဖိုက်ဘာ အထပ်သားပြားများနှင့် အလှဆင် အထပ်သားပြားများ၊ အိမ်ခန်းအလှဆင်သည့် ပလပ်စတစ်လောင်း ဖော်မေကာပြားများ ထုတ်လုပ်သည်။

23.1.2013 မှ 29.1.2013 အထိ (၇) ရက်သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေ

အတွေးသစ်၊ အမြင်သစ်၊ ရည်ရွယ်ချက်အသစ်တွေ နှင့်ရှိနေမည်။ အလုပ်အကိုင်သစ်တွေလုပ် ဖြစ်မည်။ မရောက်ဘူးသော ခရီးသစ်တွေ လည်း သွားဖြစ်မည်။ ချစ်သူအသစ်တွေလည်းတွေ့မည်။ ငွေဝင်မည်။ စက်ဝင်မည်။ သူငယ်ချင်းဟောင်း၊ ရည်းစားဟောင်းတို့နှင့် ပြန်လည် ဆုံတွေ့လိမ့် မည်။ စပ်တူစီးပွားရေးအောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ သို့သော် အစာအိမ်တော့ ဂရုစိုက်ပါ။ သူတပါးအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ မိသားစုအတွက်စိတ်ရှုပ်ရမည်။ လမ်းသွားလမ်းလာ ဂရုစိုက်ပါ။ ခိုက်မိတတ်သည်။ သူငယ်ချင်းတစ်ယောက် ထံမှလက်ဆောင်ရမည်။

 

အကျိုးပေးဂဏန်း  - ၁၊ ၅၊ ၇။

အထူးဟော         - လန်းဆန်းမည်။ အဆင်ပြေမည်။

ယတြာ              - ကလေးတွေကို စာရေးကိရိယာ ပေးဝေပါ။

 

တနင်္လာ

ကိုယ့်ချစ်သူက သူများနောက်ပါတတ်သည်။ ငွေရစရာ ရမည်။ အလုပ်အကိုင်ပြန်၍ အဆင်ပြေလာမည်။ ထီထိုးပါ။ ထီပေါက်ကိန်း ရှိနေသည် ။ သင်၏ အင်္ဂလိပ် မွေးသက္ကရာဇ်ကို ဂဏန်း လုပ်၍ ထိုးပါ။ မုချပေါက်မည်။ စက်၊ ယာဉ်တို့ အဝယ်မှား၊ အရောင်းမှား မည်။ ဂရုစိုက်ပါ။ ခြေ၊ လက်တို့ ခိုက်မိမည်။ ဂရုစိုက်ပါ။ သူတပါးစကား ကိုယ့်စကား မလုပ်လေနှင့်။ လူယုံမထားရ၊ မရည်ရွယ်သော ခရီးများရောက် မည်။ ကျန်းမာရေးကောင်းမည်။ သို့သော် ရေချိုး ဆင်ခြင်ပါ။ အကြီးအကဲ၏ ကူညီမစ မှုရမည်။ မုန်းနေသောသူတို့နှင့် ပြန်၍ အဆင်ပြေမည်။

 

အကျိုးပေးဂဏန်း  - ၃၊ ၅၊ ၈။

အထူးဟော         - ကြားစကားမယုံနှင့်။

ယတြာ              - စာကလေး ၆ ကောင်ဝယ်လွှတ်ပါ။

 

အင်္ဂါ

ဆုံးဖြတ်ချက်ချပြီးလျှင် ရဲရဲလုပ်ပါ။ အောင်မြင်မှုရမည်။ အပေါင်းအသင်းကောင်းတွေတွေ့နေမည်။ စပ်တူရှယ်ယာ လုပ်ငန်း များအကျိုးပေး မည်။ စက်၊ ရွှေ၊ ဆိုင်ခန်း၊ ဈေးခန်း ဝင်၊ ထွက်ဖြစ်မည်။ နေအိမ်မှာ အပူသည် အဝင်မခံသင့်ပါ။ ငွေကြေး၊ ပစ္စည်း အလိမ်ခံရတတ်၍ ဂရုစိုက်ပါ။ အဝေးမိတ် ဆွေ တို့နှင့် စပ်တူရှယ်ယာလုပ်ရတတ်သည်။ ခရီးဝေး ယာယီတွေရောက်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ လက်ထပ်ပွဲ ဖြစ်မည်။ တစ်ချိန်က အချစ်ဟောင်း၊ ရည်းစားဟောင်း က နှောင့်ယှက်လိမ့်မည်။ သားချင်းဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။ သို့သော် သင်ကံကောင်းပါသည်။

 

အကျိုးပေးဂဏန်း  - ၃၊ ၄၊ ၆။

အထူးဟော         - အတိုက်အခံတွေကြားက သင်အောင်မြင်မည်။

ယတြာ              - ခိုစာကျွေးပါ။

 

ဗုဒ္ဒဟူး

 

ကတိတစ်ခုကိုလွယ်လွယ် မပြုနှင့်၊ မုန်းရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ ချစ်သူ၊ စွဲလန်းသူ တွေ့မည်။ အချစ်ရေး အဆင်ပြေမည်။ လက်ဆောင်တွေရမည်။ ထီပေါက်ခြင်း၊ ထီပေါက်သလို ငွေဝင်မည်။ မရည်ရွယ်သောခရီးတစ်ခု သွားရမည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက် ခိုက်မိ တော့မလိုဖြစ်မည်။ အန္တရာယ်နှင့် ရန်တို့မှ ပွတ်ကာသီကာလွတ်မြောက်လိမ့်မည်။ ပညာရေးကောင်းသည်။ အောင်မြင်မည်။ ပြည်ပထွက်ခွာသူများ၊ အလုပ်လျှောက်သူများ အဆင်ပြေ အောင်မြင်မည်။ စီးပွားရေး စတင်ဆောင်ရွက်မှုများ ထစ်ငေါ့ပြီးမှ အောင်မြင်မည်။ ကျန်းမာရေးကောင်း နေမည်။

 

အကျိုးပေးဂဏန်း  - ၄၊ ၉၊ ၆။

အထူးဟော         - မကြာမီ သင့်ကံကောင်းမည်။

ယတြာ              - အိမ်ဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။

 

ကြာသပတေး

မှားယွင်းလွဲချော်မှုများဖြစ်တတ်၍ ဂရုစိုက်ပါ။ ပစ္စည်းကျပျောက်ကိန်းများရှိ၍ ဂရုစိုက်ပါ။ ချစ်သူ၏ အထင်အမြင်လွဲမှားမှုများ ရှိ၍ အနေအထိုင်၊ အပြောအဆိုဂရုစိုက်ပါ။ ခရီးဝေးသွားရမည်။ လက်ထပ်မင်္ဂလာ ပြုရလိမ့်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ အင်္ဂါနံ စ.ဆ.ဇ.ဈ.ည အက္ခရာပါသော ဆိုင်တွင်ထိုးပါ။ စွန့်စားမှု၊ စူးစမ်းမှု၊ လွတ်လပ်မှုတို့ ရှိသည်။ သို့သော် အတိုက်အခံများမည်။ ကွက်ကျော် မြင် အကဲခတ်ကောင်းသော်လည်း မှားယွင်းတတ်၍ ဂရုစိုက်ပါ။ ရွေးပေါင်းသောသူမှ အပေါင်းအသင်း မှားတတ်သည်။

 

အကျိုးပေးဂဏန်း  - ၅၊ ၀၊ ၁။

အထူးဟော         - ကံကောင်းမည်။

ယတြာ              - ကလေးငယ်တွေကို မုန့်ဝေပါ။

 

သောကြာ

 

လူခင်အချင်းချင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ စက်၊ မြေနှင့်ပတ်သက်၍ ပြဿနာရှုပ်မည်။ အချစ်ရေးမှာ ရန်သူရှိနေသည်။ သင်၏ချစ်သူကို လုယူသူပေါ်လိမ့်မည်။ အချိန်မီ ဖြေရှင်းပါမှ စိတ်ချမ်းသာမှုရမည်။ ခြေ ၁ ဖက် ခိုက်မိမည်။ ငွေကြေး ရစရာတို့ စကားပြောရတတ်သည်။ မရတတ်ပါ။ ရင်းနှီးမြှုပ်နှံမှု တို့ ပြုရတတ်သည်။ ဝန်ထမ်းအလုပ် ရာထူးတက်ကိန်းရှိသည်။ ကျန်းမာရေး အနည်းငယ်ချူချာ မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ အလုပ်သစ် ရကိန်း ရှိသည်။ လက်ရှိအလုပ်ရာထူးတက်လိမ့်မည်။ လူယုံမထားရ။ ငွေလိမ်ခံရတတ်သည်။

 

အကျိုးပေးဂဏန်း  - ၆၊ ၉၊ ၈။

အထူးဟော         - သတိတရားလက်ကိုင်ထားပါ။

ယတြာ              - သောကြာနေ့တွင် လမ်းသန့်ရှင်းရေးလုပ်ပါ။

 

စနေ

 

မြင့်မြတ်သောစိတ်ဓာတ်ရှိနေသူဖြစ်သည်။ ဆက်လက်ကျင့်သုံးပါ။ ရန်သူကမိတ်ဆွေဖြစ်လာမည်။ မုန်းနေသော ချစ်သူရှိပါက နားလည် လာလိမ့်မည်။ မိဘသားချင်း အပေါ်ငဲ့ညှာမှု ရှိမည်။ ဘာသာတရား လိုက်စားမှု ပိုကောင်းလာမည်။ မိတ်ဆွေအပေါင်းအသင်း ကလည်း ကောင်းကျိုးပေးလာမှာပါ။ အိမ်ဆောက် ၊ လမ်းပြင် ၊ ရေလှူ ခြင်းတွေ ကောင်းပါတယ်။ အလုပ်တကယ် အောင်မြင် မည်။ ကျော်ကြားလာမည်။ သင့်ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်လာမည်။ ၀န်ထမ်းအလုပ်လျှောက်လျှင်လည်းရမည်။ အင်တာဗျူး အောင်မြင် မည်။ ထီထိုးပါ ၊ထီပေါက်မည်။ခရီးဝေးတွေသွားရမည်။ သွားသော ခရီးတွေအောင်မြင်မည်။ ပြည်ပ အလုပ်အကိုင်လည်း အဆင်ပြေမည်။ ပြည်ပခရီးတွေ ထွက်ရမည်။ မင်္ဂလာလက်ထပ်မှု အောင်မြင်မည်။ ကျန်းမာရေး ကောင်းလာမည်။

 

အကျိုးပေးဂဏန်း - ၇၊၀၊၂

အထူးဟော - အဆင်ပြေအောင်မြင်မည်။

ယတြာ - ဘုရားကို ထီးဖွင့်ကပ်လှူပါ။


လဂျားယန်ဒေသအတွင်း အစိုးရ စစ်အင်အား တိုးမြင့်လာဟု KIA နှင့် ကျောင်းသားတပ် ပြော

ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရ၏ တပ်စိုက်ထားရာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အထက်ပိုင်း လိုင်ဇာဌာန
ချုပ် အနီး လဝါယန်နှင့် ခရာဘွမ် ဒေသသို့ တပ်အင်အား တိုးမြင့်မှုများ ရှိနေသည်ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF က ပြောသည်။ 

ဗန်းမော် လမ်းကြောင်းမှ စစ်ကားများဖြင့် ချီတက်လာနေခြင်းဖြစ်သည်ဟု ကျောင်းသားတပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေး က ဆိုသည်။

"သူတို့ ဗန်းမော်ဘက်ကနေ ကား ၂၆ စီး တောက်လျှောက်တက်လာတယ်။ အတိအကျတော့ မသိဘူး" ဟု မဇ္ဈိမကို
ပြောသည်။ 

လဂျားယန်ဒေသအတွင်း ခရာဘွမ်တောင်ခြေဘက် လက်နက်ကြီး ပစ်ခတ်မှု အနည်းငယ်ရှိနေပြီး ညနေပိုင်းတွင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်နေသည်ဟု ၎င်းက ဆိုသည်။  

လဝါယန်နှင့် ခရာဘွမ် အနောက်ဘက် တောင်ခြေနှင့် မဒီးယန်နှင့် အောင်ဂျာယန်ကျေးရွာများတွင် ယနေ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟုလည်း ကချင်လွတ်လပ်ရေးတပ် KIA ရှေ့တန်းမှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။ 

"အခုလည်း ပစ်နေတုန်းကပဲ။ ဒီနေရာတွေမှာက သုံးရက်ဆက်တိုက်ရှိပြီ။ ဒီမနက်က နားချိန်တောင် မရှိဘူး။ ခန နားနားပြီး ပြန်တိုက် ဖြစ်နေတယ်။ ခရာဘွမ်အရှေ့ဘက်မှာပဲ ပစ်နေတယ်။ မနေ့ည လဂျာယန်မှာ စစ်ကားတွေ ထပ်ရောက်တယ်" ဟု လဝါယန်ကျေးရွာတွင် ရောက်ရှိနေသော KIA ရဲဘော်က ပြောသည်။  

လဂျားယန်ကျေးရွာတွင် အစိုးရစစ်တပ်အင်အင်း ဖြည့်တင်းထားမှုများ ရှိသည်ဟု သိရကြောင်း သူက မဇ္စျိမကို ပြော
သည်။ လေယာဉ်တစင်း လာရောက် ပျံသန်းမှုရှိသော်လည်း ပစ်ခတ်သွားခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။  

နေပြည်တော် အစိုးရက လဂျားယန်ဒေသအား ပစ်ခတ်မှု ရပ်ဆိုင်းရန် ညွန်ကြားပြီး လိုင်ဇာမြို့အား သိမ်းပိုက်မည် မဟုတ်ကြောင်း ပြောဆိုနေသော်လည်း လိုင်ဇာမြို့မှ ၆ မိုင်အကွာရှိ ဒေသများအတွင် အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ယနေ့ရှိနေသလို၊ အင်အား ဖြည့်တင်းမှု ရှိနေကြောင်း KIA နှင့် ကျောင်းသားတပ်တို့က ဆိုသည်။

သံတွဲကားမှာ ဘရိတ်ပေါက်၍ ချောက်ထဲကျသွားခြင်းဖြစ်ဟု သိရ

ဇန်န၀ါရီ ၂၃ ရက် ၊နံနက် (၂) နာရီခွဲခန့်က ရန်ကုန် - တောင်ကုတ်သံတွဲ သို့ပြေးဆွဲနေသည့်  ခရီးသည်တင် အောင်သစ္စာကား တိမ်းမှောက်မှုမှာ  ကားဘရိတ် ပေါက်သဖြင့် ချောက်ထဲသို့ ကျသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

အောင်သစ္စာ ခရီးသည်တင်ကားမှာ ယမန့်နေ့ညတွင် ရန်ကုန်မှ ထွက်လာခြင်းဖြစ်ပြီး တောင်ကုတ်လမ်း ရခိုင်ရိုးမနေပူတောင်အရောက်၌  ပေ (၁၂၀) အနက်ရှိ ချောက်ထဲသို့ ကျသွားဖြစ်သည်ဟု သိရသည်။

 

" ကျွန်တော်တို့ကြားတာက လမ်းအကွေ့မှာဖြစ်တာလိုလဲကြားတယ် အတိကျတော့ ပြောလို့မရဘူးပေါ့ သေတဲ့စာရင်းကတော့ အဲဒီအတိုင်းဘဲ ဆေးရုံမှာ တစ်ယောက်သေတယ်၊ ချောက်ထဲမှာ (၁၄) ယောက်သေတယ်''ဟု တောင်ကုတ်ဆေးရုံရောက်နေ သည့် ဒေသခံတစ်ဦးက ပြောသည်။

 

 အဆိုပါနေရာသို့သွားကြည့်ခဲ့သည့်ဒေသခံတစ်ဦးကလည်း "ကားကျသွားတဲ့ချောက်ကိုကြည့်လိုက်ရင် ရင်လေးစရာဘဲ၊ အရင်ကလည်း ရခိုင်ရိုးမ လမ်းက  နှစ်စဉ်ကား တိမ်းမှောက်မှုတွေဖြစ်တယ်''  ဟု ဆိုသည်။

 

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ ကျား (၇) ဦး၊ မ (၆) ဦး၊ ကလေး (၁) ဦး သေဆုံးပြီး သံဃာ (၃) ပါး၊ ကျား (၂၆) ဦး၊ မ (၄) ဦး စုစုပေါင်း (၃၃) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်မှ ပြည်မဘက်သို့ ဆက်သွယ်ထားသည့် လမ်းများမှာ တောင်ကုတ်- ပြည်လမ်း၊ အမ်း-မင်းဘူးလမ်း၊ ငသိုင်းချောင်းလမ်းတို့ဖြစ်ကြရာ  တောင်ကုတ် ပြည်လမ်းထက် စစ်တွေ- အမ်း- မင်းဘူး လမ်းမှာ အဆိုးဆုံး ဖြစ်သည်။

 

ပြည်မနှင့်ဆက်သွယ်သည့် လမ်းတို့မှာ တောင်ပေါ်လမ်းဖြစ်သည့်အတွက် ကားတိမ်းမှောက်မှုများလည်း မကြာမခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

 

 


ပြည်ပတွင် မြန်မာသံရုံးများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဖွင့်လှစ်သွားမည်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာသံရုံးများကို ပြည်ပနိုင်ငံများတွင် တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် စီိမံချက်များ တိုးချဲ့ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

"အနာဂတ် အစီအစဉ်အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွင့်ပြုချက်အတွင်းမှ ကမ္ဘာ့ပထဝီဝင် ဒေသကြီးများအလိုက် မိမိနိုင်ငံတော်နှင့် နိုင်ငံရေး၊စီးပွားရေး ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု အရေးပါမှုများအပေါ် မူတည်၍ ပြည်ပ
နိုင်ငံများတွင် မြန်မာသံရုံးများ တိုးချဲ့ ဖွင့်လှစ်ရေးကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက် ရေးဆွဲဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်"ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးဇင်ယော် က ပြောကြားခဲ့သည်။

ပဲခူးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောမော်ထွန်း က ပြည်ပတွင် မြန်မာသံရုံး၊ ကောင်စစ်ဝန် ရုံးသစ်များ ဆက်လက်ဖွင့်လှစ်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

"မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံသားများ၏ အကျိုးကို ကာကွယ်စောင့်ရှောက်နိုင်ရေး
အတွက် ပြည်ပတွင် မြန်မာသံရုံး ၃၃ ရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ၃ ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၄ ရုံး၊ စုစုပေါင်း ရုံး ၄၀ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်" ဟု ဦးဇင်ယော် က ရှင်းလင်းပြခဲ့သည်။