Thursday, January 24, 2013

တရားသူကြီး၊ အမှုသည်နှင့် သက်သေများအနေဖြင့် အမှုသစ်တစ်ခု မစတင်မီ တရားခွင်တွင် ကျမ်းသစ္စာ ကျိန်ဆိုရေး အဆိုကို NLD တင်သွင်း

ဖြောင့်မတ်မှန်ကန် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများအနေဖြင့် အမှုသစ်တစ်ခု မစတင်မီ တရားခွင်တွင် ကျမ်းသစ္စာကျိန်ဆိုရေး အဆိုကို NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ဦးဝင်းမြင့်က ''ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီးအမှုသည် များနဲ့ သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးကို ထုံးမှန်နည်းကျ အထောက်အကူ ဖြစ်စေရန် တရားရုံးများ လက်စွဲဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ယင်းတရားရုံးများ လက်စွဲမှာ လမ်းညွှန်ချက်များကို တရားရုံးအသီးသီးက ကောင်းစွာ လိုက်နာ ကျင့်သုံးကြရပါတယ်။ ယင်းတရားရုံးများရဲ့ လက်စွဲအပိုဒ် ၇၅ မှာ ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ ၇ အရ ကျမ်းသစ္စာကျိန်ဆိုရန်နှင့် ကတိသစ္စာဆိုရန်များကို ပြဋ္ဌာန်းထားပါတယ်။ တရားရုံးများ လက်စွဲမှာ ပါရှိတဲ့ ဟိန္ဒူ ဘာသာဝင်၊မဟာမေဒင် ဘာသာဝင်နှင့် ကျမ်းသစ္စာကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့် ဘာသာဝင်မဆိုများနှင့် ပတ်သက်ပြီး သက်သေများအတွက် စကားပြန်များအတွက် ဂျူရီ လူကြီးများအတွက် ကတိသစ္စာဆိုခြင်း တို့ကိုလည်း လမ်းညွှန်ထားရှိပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုရန် သဘောမတူတဲ့ မည်သည့် ဘာသာဝင် မဆိုလို့ပါရှိတဲ့အတွက် ဒီအခွင့်အရေးကိုယူပြီး အမှုသည်များ၊ သက်သေများ၊ အထူးသဖြင့် အစိုးရ၀န်ထမ်းများနဲ့ ရဲအရာရှိသက်သေများဟာ ကျမ်းကျိန်ဆိုခြင်းမရှိပဲ ကတိသစ္စာကိုပဲ ပြုကြတာတွေ့ရပါတယ်။ ကတိသစ္စာပြုချက်ဟာ မှန်ကန်တဲ့ ထွက်ဆိုချက်ရဖို့ အမှုမှန်ပေါ်ပေါက်ဖို့ အလွန်ပဲ အားနည်းလှပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ပိုဆိုးတာက အမှုတစ်ခုကို အဆုံးအဖြတ်ပြုမယ့် တရားသူကြီးများဟာ တရားခွင်မှာ တရားစီရင်တဲ့အခါ ကျမ်းသစ္စာ ကျိန်ဆိုခြင်းလည်းမရှိ၊ ကတိသစ္စာ ပြုခြင်းလည်း မရှိကြတာပဲ ဖြစ်ပါတယ်။ ဒါဟာမှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ အထိန်းအကွပ်မရှိသလို ဖြစ်နေပါတယ်။ တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် မလိုအပ်သော်လည်း အမှုသစ်တစ်ခု စတင်စစ်ဆေးတဲ့အချိန်မှာ ကျမ်းသစ္စာကျိန်ဆိုရန် လိုအပ်ပါတယ်။ ဒီလို ကျိန်ဆိုနိုင်ရန် တရားရုံးများ လက်စွဲတွင်လည်း ထပ်မံဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

အမှုသည်များ၊သက်သေများ၊စကားပြန်များက ကျမ်းကျိန်ဆိုကြရပြီး တရားသူကြီးများ၊အစိုးရ၀န်ထမ်းများနဲ့ ရဲအရာရှိသက်သေများက ကျမ်းကျိန်ဆိုခြင်းမရှိကြတဲ့ အခါကျတော့ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေရတာ ဒီပုဂ္ဂိုလ်ကြောင့်လို့ ပြည်သူများက စွပ်စွဲပြစ်တင်မှုလည်း ခံရသလို ယုံကြည်မှုကင်းမဲ့မှုများကိုလည်း ကြားနေရပါတယ်။အမှုတစ်ခုကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဟုတ်တိုင်းမှန်စွာ ဆုံးဖြတ်နိုင်ဖို့ ပြည်သူများ ယုံကြည်မှု ရရှိစေဖို့ တရားသူကြီးများ အနေနဲ့လည်း ခုနကပြောသလို ကျမ်းသစ္စာကျိန်ဆိုရန် BCM မှာ ပြဋ္ဌာန်းပြီးတော့ အချိန်အခါအရ အမှန်တကယ်လို အပ်နေတာကို တွေ့ရှိရပါတယ်။အများပြည်သူ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန် တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေရန် ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ၆အရ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုရသော ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင် သက်သေများ၊ဂျူရီလူကြီးများ၊ စကားပြန်များမှအပ ကျန်ဘာသာဝင် တရားသူကြီးများ၊ အမှုသည်များ၊ သက်သေများ၊စကားပြန်များ အားလုံးဟာ အမှုသစ်တစ်ခုကို စတင်စစ်ဆေး စီရင်တဲ့အခါ တရားခွင်ရှေ့မှာ အမှုသည်သက်သေနှင့် ပြည်သူလူထုကို မဏ္ဍိုင်ပြု၍ ကတိသစ္စာကို မပြုကြပဲ ကျမ်းသစ္စာကိုကိုင်ပြီး မဖြစ်မနေ ကျိန်ဆိုရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်''ဟု စသည်ဖြင့် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရား သူကြီးဦးစိုးညွန့်က''...ကျမ်းသစ္စာ မကျိန်ဆိုရသေးတဲ့ ခရိုင်တရားသူကြီးများ၊မြို့နယ်တရားသူကြီးများကတော့ ကျမ်းသစ္စာမကျိန်ဆိုရ သေးပါဘူး။ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ်။အဲဒီလို ကျမ်းသစ္စာကျိန်ဆိုမယ်ဆိုလို့ရှိရင်တော့ တစ်ကြိမ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီ ဆိုလို့ရှိရင်တော့ လုံလောက်မယ်လို့ ယူဆပါကြောင်းကို တင်ပြလိုပါတယ်''ဟု စသည်ဖြင့် ပြန်လည် ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။