Thursday, January 24, 2013

သံတွဲကားမှာ ဘရိတ်ပေါက်၍ ချောက်ထဲကျသွားခြင်းဖြစ်ဟု သိရ

ဇန်န၀ါရီ ၂၃ ရက် ၊နံနက် (၂) နာရီခွဲခန့်က ရန်ကုန် - တောင်ကုတ်သံတွဲ သို့ပြေးဆွဲနေသည့်  ခရီးသည်တင် အောင်သစ္စာကား တိမ်းမှောက်မှုမှာ  ကားဘရိတ် ပေါက်သဖြင့် ချောက်ထဲသို့ ကျသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

အောင်သစ္စာ ခရီးသည်တင်ကားမှာ ယမန့်နေ့ညတွင် ရန်ကုန်မှ ထွက်လာခြင်းဖြစ်ပြီး တောင်ကုတ်လမ်း ရခိုင်ရိုးမနေပူတောင်အရောက်၌  ပေ (၁၂၀) အနက်ရှိ ချောက်ထဲသို့ ကျသွားဖြစ်သည်ဟု သိရသည်။

 

" ကျွန်တော်တို့ကြားတာက လမ်းအကွေ့မှာဖြစ်တာလိုလဲကြားတယ် အတိကျတော့ ပြောလို့မရဘူးပေါ့ သေတဲ့စာရင်းကတော့ အဲဒီအတိုင်းဘဲ ဆေးရုံမှာ တစ်ယောက်သေတယ်၊ ချောက်ထဲမှာ (၁၄) ယောက်သေတယ်''ဟု တောင်ကုတ်ဆေးရုံရောက်နေ သည့် ဒေသခံတစ်ဦးက ပြောသည်။

 

 အဆိုပါနေရာသို့သွားကြည့်ခဲ့သည့်ဒေသခံတစ်ဦးကလည်း "ကားကျသွားတဲ့ချောက်ကိုကြည့်လိုက်ရင် ရင်လေးစရာဘဲ၊ အရင်ကလည်း ရခိုင်ရိုးမ လမ်းက  နှစ်စဉ်ကား တိမ်းမှောက်မှုတွေဖြစ်တယ်''  ဟု ဆိုသည်။

 

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ ကျား (၇) ဦး၊ မ (၆) ဦး၊ ကလေး (၁) ဦး သေဆုံးပြီး သံဃာ (၃) ပါး၊ ကျား (၂၆) ဦး၊ မ (၄) ဦး စုစုပေါင်း (၃၃) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်မှ ပြည်မဘက်သို့ ဆက်သွယ်ထားသည့် လမ်းများမှာ တောင်ကုတ်- ပြည်လမ်း၊ အမ်း-မင်းဘူးလမ်း၊ ငသိုင်းချောင်းလမ်းတို့ဖြစ်ကြရာ  တောင်ကုတ် ပြည်လမ်းထက် စစ်တွေ- အမ်း- မင်းဘူး လမ်းမှာ အဆိုးဆုံး ဖြစ်သည်။

 

ပြည်မနှင့်ဆက်သွယ်သည့် လမ်းတို့မှာ တောင်ပေါ်လမ်းဖြစ်သည့်အတွက် ကားတိမ်းမှောက်မှုများလည်း မကြာမခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

 

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။