Thursday, January 24, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် DKBA တွေ့ဆုံဆွေးနွေး

DKBA နှင့် နယ်ခြားစောင့်တပ်များအကြား လက်နက်နှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် DKBA အဖွဲ့တို့ ဇန်န၀ါရီလ ၂၂ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား သတင်းဌာနဗဟို (KIC)တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်   ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ပါဝင်သည့်အဖွဲ့နှင့် DKBA ဘက်မှ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့်အဖွဲ့တို့ သုံးနာရီကျော် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။            

DKBA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောဆန်းအောင်က ''တွေ့ဆုံဆွေးနွေးမှုတွင် DKBA အဖွဲ့မှ နယ်ခြားစောင့်တပ်ဖွဲ့များထံမှ သိမ်းဆည်းထားသည့် လက်နက်များ ပြန်လည်ပေးအပ်ရေး၊ DKBA နှင့် နယ်ခြားစောင့် တပ်အကြား ဖြစ်ပွားခဲ့သည့် လက်နက်နှင့် တိုက်ပွဲပဋိပက္ခများ ထပ်မံမဖြစ်ပေါ်ရေး ကတိက၀တ်ပေးသည့် ဆွေးနွေးမှုမျိုးသာ ဖြစ်ကြောင်း''ပြောကြားခဲ့သည်ဟု သိရသည်။    

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တွေ့ဆုံဆွေးနွေးကြတာဟာ တပ်နေရာချထားရေးကိစ္စများ၊ ဆက်ဆံရေးရုံး ဖွင့်မည့်ကိစ္စများနှင့် DKBA အဖွဲ့၏ စားရေးသောက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်''ဟု ပြောကြားခဲ့ကြောင်း KIC သတင်းဌာနတွင် ဖော်ပြခဲ့သည်။                 

အစိုးရအဖွဲ့နှင့် DKBA အဖွဲ့တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။