Tuesday, December 11, 2012

ရခိုင်ပြည်နယ်တွင် အမှုအများဆုံးမြို့နယ် နှစ်ခုရှိ



၂၀၁၂ခုနှစ်တွင် စစ်တွေနှင့် တောင်ကုတ်မြို့နယ်တို့မှာ အမှုဖြစ်ပွားမှု အများဆုံးဖြစ်သည့်မြို့နယ် များဖြစ်ကြောင်း ဒီဇင်ဘာလ (၁၀)ရက်နေ့  ပထမအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးလှမောင်တင် က ပြောကြားခဲ့သည်။
 
 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်နေမှုများကို  ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးလှ မောင်တင်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် အမှုကြီးဖြစ်သည့် လူသတ်မှု၊ နေအိမ်မီးရှို့မှု၊ မုဒိန်းမှု စသည့် အမှု (၃၂၃) မှုဖြစ်ပွားခဲ့ရာ တရားစွဲတင်ပြီး (၂၆၆) မှု၊  ပိတ်သိမ်း (၃)မှုရှိပြီး အမှုပေါင်း (၅၄) မှုမှာ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
 
 
အခြားအမှုများမှာ (၃၀၄၅) မှု ဖြစ်ပွားခဲ့ပြီး၊ တရားစွဲတင်ထားသည့် အမှု (၂၆၈၀)၊ ပိတ်သိမ်းမှု (၇၅) မှု နှင့် ဆောင်ရွက်ဆဲ (၂၉၀) မှု ကျန်ရှိနေသေးကြောင်း သိရသည်။
 
 
ကြိုတင်ကာကွယ်မှု အနေဖြင့် (၄၈၃၈) မှု၊ တရားစွဲတင်ပြီး   (၄၈၂၆)မှု၊ ပိတ်သိမ်းမှု (၇) မှု၊ ဆောင်ရွက်ဆဲအမှု ( ၅) မှု ရှိသည်ဟု သိရသည်။
 
 
 "ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ စစ်တွေခရိုင်မှာ  အမှုကြီး ၁၄၄မှု၊ အခြားအမှု (၁၅၀၇) မှုဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေဖြင့်လည်း (၁၄၆၅) မှု ဆောင်ရွက်ခဲ့ပါတယ်။ အမှုကြီးအများဆုံးဖြစ်ပွားမှုမြို့ နယ်ဖြစ်သော တောင်ကုတ်မြို့နယ်တွင် (၃၅)မှု ဖြစ်ပွားခဲ့ပြီး အခြားအမှုများအနေဖြင့် စစ်တွေမြို့နယ်တွင် (၄၂၅) မှု၊ ကြိုတင်ကာကွယ်မှု (၇၇၀) မှုဖြင့် အများဆုံးဆောင်ရွက်ခဲ့ရတဲ့ မြို့နယ်များဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
 
 
ထို့ပြင်    လောင်းကစားမှုဖြင့် တရားခံ (၁၄၅)ဦးနှင့် မူးယစ်ဆေးဝါးတွင်လည်း WY ဆေးပြား၊ ဆေးခြောက်၊ မော်ဖိန်း၊ အမ်ပီဒရစ် အမှုပေါင်း (၅၃)မှု ဖမ်းဆီးရမိခဲ့ကြောင်း တရားခံကျား (၅၇)ဦး၊ မ (၂၉) တို့အား အရေးယူဆောင်ရွက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
 
 
အစိုးရဌာနဆိုင်ရာများတွင်လည်း လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း  "လာဘ်ပေးလာဘ်ယူမှုကြောင့် အရာရှိ (၂) ဦး၊ အခြား (၁၂) ဦးအား ထောင်ကျ ၊ ထုတ်ပယ်ခဲ့ရပြီး  ရဲစည်းကမ်းအရ  အရာရှိနှစ်ဦး ၊ အခြားအဆင့်  (၄၄) ဦးကို အရေးယူဆောင် ရွက်ခဲ့ရပါတယ်" ဟု ဝန်ကြီးချုပ်ဦးလှမောင်တင်က ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်ပထမနေ့တွင်  ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
 
 ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ် လွှတ်တော် ဥပဒေရေးရာ အကြံပေးအဖွဲ့အား ဖွဲ့စည်းရန်  နှင့်  ရခိုင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များ ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ကြသည်။
 
 
 ပြည်နယ်လွှတ်တော်အစည်းဝေးကို   နံနက် ၁၀နာရီတွင်စတင်ခဲ့ပြီးညနေ ၃း ၁၀ မိနစ်တွင်ပြီးဆုံးခဲ့သည်။

myit ma kha media group
 


‘ဘ’ အက္ခရာ စလစ်ကြောင့် ကားဈေးကွက် ပြန်လှုပ်လာမည်လား




 ကားဈေးနှင့် စလစ်ဈေးများ ဆက်တိုက်ကျဆင်းမှုများ ရှိနေသော်လည်း  ကားအရောင်းအ၀ယ်များ အနည်းငယ်ပြန်ဖြစ်လာခြင်းကြောင်း သိရသည်။
 
 

သို့ရာတွင် အရစ်ကျ ၀ယ်ယူသည့် ကားများသာ အရောင်းသွက်ခြင်းဖြစ်ပြီး လက်ငင်း ချေရသည့် ကားများမှာမူ အရောင်းအေးနေကြောင်း သိရှိရသည်။ ထို့ကြောင့် `ဘ´ အက္ခရာများ အပ်နှံခွင့်ရရန် မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။
 
 
"အခုနောက်ပိုင်း ကားတွေက ရောင်းရတယ်ဆိုပေမဲ့ သိပ်ကြီးလည်း အဆင်ပြေတာ မဟုတ်ပါဘူး။ ဆိုင်ရပ်တည်လို့ ရတယ်ဆိုရုံလေးပါ။ အခုနောက်ပိုင်း ကားဈေးကွက်မှာ စလစ်တွေ ရှားလာတယ်။ ဒီတော့ စလစ်ဈေးတွေတက်တော့ ကားတွေကလည်း သိပ်မရောင်းရတော့ဘူးလေ။ ဒီတော့ `ဘ´ စလစ်တွေ ဘယ်အချိန်ထွက်မလဲပဲ မျှော်နေရတယ်" ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုထက်ဝေကိုက ပြောသည်။ 
 
ကားဈေးကွက်အတွင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားဖြစ်သူ ကိုဇော်က "အခုနောက်ပိုင်း ကားဈေးတွေက တဖြည်းဖြည်း ကျလာတယ်။ ပြီးတော့ စလစ်တွေကလည်း ကားဈေးကွက်ထဲမှာ သိပ်မကျန်တော့ဘူးလေ။ ပြီးတော့ အခုကတည်းက ` ဘ ´ အက္ခရာကားတွေ လှောင်ထားတဲ့သူတွေဆို ငွေက ပုပ်နေပြီလေ။ ဒီတော့ အမြန် အပ်ချင်နေကြပြီလေ" ဟု ပြောသည်။
 
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ က.ည.န မှ တာဝန်ရှိသူတစ်ဦးက "`ဘ´ အက္ခရာ တွေက အခုလောလောဆယ်တော့ အပ်လို့မရသေးပါဘူး။ ဘယ်အချိန်လောက် အပ်လို့ ရပြီလဲဆိုတာလည်း မသိသေးပါဘူး။ အပ်လို့ရတဲ့အချိန် သတင်းစားမှာ ဖော်ပြပေးပါ့မယ်" ဟု ပြောသည်။
 
 
သို့သော် ကားပွဲစားတစ်ဦးဖြစ်သူ ကိုထွန်းက `ဘ´ အက္ခရာများကို မအပ်စေချင်သေးကြောင်း ဆိုသည်။
 
 
 `` ဘာလို့လဲဆို အခုမှ စလစ်နဲ့ ကားဈေးတွေက နည်းနည်းပြန်ငြိမ်လာတာလေ။ အခုနောက်ပိုင်းမှ အကိုတို့ ယာဉ်ရောင်းဝယ်ရေး စခန်းမှာ နည်းနည်း အလုပ်ပြန်ဖြစ်လာတယ်။ ပြီးတော့ ကားဈေးတွေကလည်း အလိုက်သင့်လေး မှန်လာတယ်။ အခုအချိန်မှာ `ဘ´ အက္ခရာ တွေ လက်ခံလိုက်မယ်ဆိုရင် စလစ်ဈေးပြောင်းတာနဲ့ ကားဈေးကွက်က ပြန်လှုပ်ဦးမှာ´´ ဟု ၎င်းက ပြောသည်။
 
 
ထို့ကြောင့် ကားဈေးကွက်အတွင်း `ဘ´ စလစ်များ ထွက်ပေါ်လာပါက ကားဈေးနှုန်း ထပ်မံ ကျဆင်းဖွယ်ရှိပြီး ယာဉ်အရောင်းအ၀ယ်စခန်းများ အလုပ်နည်းပါးလာနိုင်ကြောင်း သိရှိရသည်။ ယခင်က ထွက်ရှိခဲ့သော စလစ်ဈေးများသည် ယခုတွင် သိန်း ၉၀ မှ သိန်း ၁၁၀ အတွင်း ရှိနေပြီး နယ်မြို့များတွင် သိန်း ၁၅၀ ခန့်အထိ တက်လာကြောင်း သိရှိရသည်။
 

myit makha media group
 


အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်


အစိုးရ၏ ပန်ဝါ ဒေသ ဗျူဟာမြောက် စစ်ဆင် ရေးများကို ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) က တန်ပြန် တိုက်ခိုက် နေပြီ ဖြစ်ကြောင်း ပြောခွင့်ရသူ ဦးလနန်က ဆိုသည်။
Panwa

"ပထမတော့ ဗျူဟာမှုး အဆင့်နဲ့ ကျနော် တပ်ဖွဲ့ကို တိုက်ခိုက်တယ်။ သူတို့ဘက်က ကျဆုံးမှုတွေ များလာတော့ တပ်မမှူး ကိုယ်တိုင်က ပန်ဝါကို လာပြီး ဦးစီး ကွပ်ကဲ ရတဲ့ အထိ ဖြစ်လာတယ်။ ဒါလဲ သူတို့ ဘက်က အကျအဆုံး များနေပြန်တော့ အရင် က တပ်မ (၈၈)မှာ တပ်မမှူး လုပ်ခဲ့ ဖူးတဲ့ အခု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင် ရှေ့တန်း လာပြီး စစ်ဆင် ရေးကို ကြီးကြပ် ရတဲ့ အခြေ အနေကို ရောက်လာ တယ်လို့ သိရပါတယ်။" ဟု ဆိုသည်။
ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ကလည်း  အစိုးရတပ်ဖွဲ့ဘက်က ရှရှားလုပ် MI-24 ရဟတ်ယာဉ် (၂) စင်းနှင့် ဝေဟင် မှမြေပြင်ပစ်ဒုံးများဖြင့် KIA တပ်စခန်းများရှိရာကို မကြာမကြာ လိုက်လံ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ တပ်များက ဒီဇင်ဘာ လဆန်းက စပြီး KIA ပန်ဝါ စခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သော်လည်း အစိုးရဖက်မှ အကျအဆုံးများနေကြောင်း သိရပြီး လတ်တလော တိုက်ပွဲ များတွင် အစိုးရ ဖက်မှ (၆၀) ခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာ ရဖွယ် ရှိသဖြင့် ရဟတ်ယာဉ် များကို အသုံးပြုလာခြင်းဖြစ်နိုင်ကြောင်း ဦးလနန်က ဆိုသည်။
"ပန်ဝါ ဒေသမှာ တိုက်ပွဲ ကတော့ နေ့တိုင်း ဖြစ်တယ်။ တစ်နေကုန် ဖြစ်နေ တတ်တယ်။ ဒီနေ့ မနက် မှာလည်း တိုက်ပွဲကြားက M1-24 ရဟတ် ယာဉ် (၂) စင်းနဲ့ ကျနော်တို့ စခန်းကို လာပစ်တယ်။ ကျနော်တို့ ဘက်ကလဲ သူတို့ တပ်စခန်း တွေကို စတင် ပြန်တိုက် လာတော့ တိုက်ပွဲ တွေက ပိုပြီး ပြင်းထန် လာတယ်လို့ ပြောရ မှာပါ" ဟု ဦးလနန်က ဆိုသည်။
အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် KIA ကို အပိုင်းလိုက် ချေမှုန်းရန် အစိတ်အပိုင်း တရပ် ဖြစ်သော်လည်း အစိုးရတပ်များ စစ်ရေးစွမ်းရည် ကျဆင်းလာသဖြင့် တိုင်းမှူးကိုယ်တိုင် ရှေ့တန်းသို့ လာရောက်ကွပ်ကဲရကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။
ဆိုသည်။ သို့သော် အစိုးရ တပ်များတွင် စစ်ရေး စွမ်းရည် ကျဆင်းပြီး တိုက်ခိုက် မှုများ လျှော့ရဲ လာသဖြင့် တိုင်းမှူးအဆင့် အထိ ရှေ့တန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

BNI


ဒီဇင်ဘာလ (၁၂)ရက်နေ့ ထုတ် Mobile Guide Journal #82

ဒီဇင်ဘာလ (၁၂)ရက်နေ့ ထုတ် Mobile Guide Journal #82


ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် Shade Journal အတွဲ(၇)၊ အမှတ်(၄)

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် Shade Journal အတွဲ(၇)၊ အမှတ်(၄)

အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ချက် တဖက်သတ်လုပ်ကြံမှုဟုဆို

ကာတာ အခြေစိုက် အယ်လ်ဂျားဇီးယား ရုပ်သံက ထုတ်လွှင့်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့် ချက်တွေဟာ အမှန်တရားနဲ့ ဆန့်ကျင် နေတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ


လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်း ခံရတုန်းက အရေပြား လောင်ဒဏ်ရာ အပြင်းထန်ဆုံး ရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြား အထူးကုဆေးရုံမှာ ပြောင်းရွှေ့ ကုသပါတယ်။ မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို


ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု
ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု
ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း  သိရသည်။
မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့ အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် GW မှ လက်ပံတောင်းတောင်အရေးတရားဝင်ဆန္ဒထုတ်ဖော်


၂၀၁၂ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မျိုးဆက်သစ် လူငယ်များ (Generation Wave)မှ ဦးဆောင်ပြီး လက်ပံတောင်းတောင်ကြေး နီစီမံကိန်း သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းမှုအား ဒီမိုကရေစီနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး နှင့် ဖမ်းဆီးထားသူများအားလွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

လက်ပံတောင်းတောင် အရေး ပုသိမ်သို့ ရောက်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကိစ္စနှင့်ပတ်သတ်၍ ၄င်းမြို့နယ် ရှိ ဒေသခံအချို့သည် ဒီဇင်ဘာ(၁၀)ရက်နေ့မှစ၍ (၃)ရက်တိုင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။     


“ကျွန်တော်တို့က တစ်ရက်ကို ခေါင်းဆောင်တစ်ယောက်နှုန်းနဲ့ ဆန္ဒထုတ်ဖော်သွားမှာပါ။ (၃)ရက်ပြဖို့ရှိပါတယ်။ ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ပါတယ်။ ခွင့်ပြုချက်မကျလာပေမယ့် ဆက်လုပ်သွားမှာပါ  ” ဟု ဆန္ဒထုတ်ဖော် သူခေါင်းဆောင် ကိုနိုင်ကြီးက ပြောသည်။ 

လေယာဉ်ဟောင်းများကို Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်ဟောင်းများ နေရာတွင် ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုး ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။

“လေယာဉ်Embraer 190 ပထမအစင်းက ဒီဇင်ဘာ ၁၂aရက်နေ့လောက် ရောက်ပါမယ်။ လေယာဉ်ပျံသန်းရတဲ့ခရီး ရှည်တာရယ်၊ ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး ရက်အပြောင်းအရွှေ့ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒုတိယအစင်းက ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ပထမ အပတ်လောက် ရောက်မယ်လို့ ခန့်မှန်းပါတယ်” ဟု မြန်မာ့ လေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က ပြောသည်။

မုံရွာခရိုင် ရွှေကျင်သံဃာများ စာတော်ပြန်ပွဲ ရပ်ဆိုင်းလိုက်ရ

နယူးဒေလီ (မဇ္ဈိမ) ။      ။ နှစ်စဉ် နတ်တော် လဆန်းတွင် ကျင်းပလေ့ရှိသည့် သံဃာတော် ထောင်ချီ၍ ပါဝင်ဖြေဆို
သော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပသေးဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ

ရန်ကုန် (မဇ္ဈိမ) ။        ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား အာမခံ သိန်း ၄၀ ဖြင့် ပြန်လွှတ်

ရန်ကုန် (မဇ္ဈိမ) ။          ။ ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်အား အာမခံငွေကျပ် သိန်း ၄၀ ဖြင့် တနင်္လာနေ့တွင် အင်းစိန်ထောင်မှ ထုတ်ကာ သန်လျင်တရားရုံးသို့ ခေါ်ဆောင်သွားမည်ဟု ၎င်း၏ အကိုအကြီးဖြစ်သူ ကိုအောင်ကျော်ကျော် က ပြောသည်။

KIO အမှုဖြင့် မြစ်ကြီးနား ၁၀ တန်းကျောင်းသား ရုံးထုတ်စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။        ။ မြစ်ကြီးနားမြို့မှ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ စာအား စက်ပစ္စည်းအရောင်းဆိုင် တခုသို့ သွားပေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။