Tuesday, July 23, 2013

19.7.2013 မှ 25.7.2013 ရက်အထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

မရောက်ဖူးသောခရီး၊ မပေါင်းဘူးသော မိတ်ဆွေ မလုပ်ဘူးသော အလုပ်တို့လုပ်ဖြစ်မည်။ စူးစမ်းမှု၊ စုံစမ်းမှုတွေ လုပ်ဖြစ်မည်။ အထင်လွဲစွပ်စွဲမှုများခံရမည်။ သင့်ချစ်သူကိုယ်တိုင်ကလည်း သင့်အပေါ် အထင်လွဲမည်။ လုပ်နေသောအလုပ်အပြင် အလုပ်နှင့်မဆိုင်သော လုပ်ရပ်များလည်း လုပ်ဖြစ်မည်။ ရှယ်ယာလုပ်ငန်းအောင်မြင်မည်။လက်ဆောင်များလည်းရမည်။ မိသားစုအရေးကြောင့် ခရီးယာယီ ထွက်ဖြစ်မည်။

အကျိုးပေးဂဏန်း ၅၊၀၊၃

အထူးဟော       ထစ်ငေါ့ပြီးမှအောင်မြင်မည်။

ယတြာ            တနင်္ဂနွေနေ့နံနက်မှာ ကလေးငယ်များကို မုန့်ဝေလိုက်ပါ။

 

တနင်္လာ

သံယောဇဉ်တွေများလာမည်။ ရင်းနှီးသောအပေါင်းအသင်းများနှင့် ခွဲခွာမှုတွေဖြစ်မည်။ အမှတ်တရလေးများ လုပ်ဖြစ်မည်။ စွန့်စားမှု၊ စူးစမ်းမှုများ အကောင်အထည်ဖော်ဖြစ်မည်။ မရည်ရွယ်သောခရီးများလည်း ရောက်ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်လိမ့်မည်။ လက်ဆောင်လေးတွေရမည်။ စက်၊ရွှေ၊မြေ ဝင်မည်။ ထွက်ဖြစ်မည်။ မိတ်ဆွေသစ်တွေများလာမည်။

အကျိုးပေးဂဏန်း ၂၊၄၊၈

အထူးဟော        ပျော်ရွှင်မှုများတွေ့လိမ့်မည်။

ယတြာ              ငါးအရှင်၁၅ကောင် တနင်္ဂလာနေ့တွင်လွှတ်ပါ။

အင်္ဂါ

ဒေါသထွက်စရာများ၊ စိတ်တိုင်းမကျမှုများ ကြုံရသည့်ကြားက အတတ်နိုင်ဆုံးပြုံးပြနေရခြင်းများ ဖြစ်နေမည်။ အလုပ်ကလည်းရှုပ်ပြီး မိသားစုအရေးကလည်း ရှုပ်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ ဖြစ်နေမည်။ ဒါပေမယ့် ဝမ်းသာစရာတွေကတော့ တစ်ခုပြီးတစ်ခု ရမှာပါ။ ငွေဝင်ခြင်းနှင့် ချစ်သူ တစ်ယောက်တိုးလာလို့ဖြစ်ပါသည်။ မျှော်လင့်ချက်လေးတွေလည်း အောင်မြင်မည်။ လက်ထပ်ရက် ကတော့ ရွှေ့ဖြစ်တတ်သည်။

အကျိုးပေးဂဏန်း ၃၊၆၊၅

အထူးဟော        စိတ်ပင်ပန်းနေသော်လည်း စိတ်ချမ်းသာရမှာပါ။

ယတြာ               အင်္ဂါနေ့နံနက်တွင် ဘုရားကို ဇီးပေါင်းလှူပါ။

ဗုဒ္ဓဟူး

ဝေးလေဆွေးလေဖြစ်ရတတ်သည်။ ခရီးဝေးတွေရောက်မည်။ ချစ်သူနှင့်ဝေး၍ ခွဲခွာနေရတတ်သည်။ သို့သော် သင့်ချစ်သူက သင့်အပေါ် အထင်တမျိုးလွဲ နေသည်။ သူ့ကိုမလိုချင်လို့ ခွဲခွာသွားသည် ဟုထင်နေသည်။ ကတိမတည် သစ္စာမရှိဟုထင်သော်လည်း သင့်အပေါ်မေတ္တာရှိနေဆဲ ဖြစ်ပါသည်။ တစ်ယောက်မက ချစ်တတ်သော သင့်စိတ်ကြောင့် ရောက်သည့်နေရာမှာ ချစ်သူထပ်တွေ့ပါမည်။ အလုပ်အကိုင်၊ပညာရေးအားလုံး အဆင်ပြေမည်။ ကြီးသူ၊အဒေါ်နှင့် အမေ ကျန်းမာရေးဂရုစိုက်ခိုင်းပါ။ စက်ပစ္စည်းအဝယ်မှားတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော        အားလုံးအဆင်ပြေပါမည်။

ယတြာ              ဘုရားကို ဗုဒ္ဓဟူးနေ့ သောက်တော်ရေသန့်ကပ်လှူပါ။

ကြာသပတေး

ရွေးပေါင်းတတ်သော သင့်စိတ်ကြောင့်လည်းကောင်း၊ အပြောကြမ်းပြီး ပွင့်လင်းတတ်သော သင့်စိတ်ကြောင့် လည်းကောင်း၊ အားမနာတတ်သော စိတ်ဓာတ်တို့ကြောင့်လည်းကောင်း၊ အနေအထိုင်တည်ကြည်ပြီး လူတိုင်းကိုမရောတတ်သော သင့်စိတ်တို့ကြောင့် သင့်ကိုဘဝင်မြင့်သည်၊ မာနကြီးသည်ဟု အထင်ခံနေရခြင်း ဖြစ်မည်။ ရွေးပေါင်းသည့်ကြားက လူပေါင်းမှားကိန်းရှိနေသည်။ ပညာရေးထူးချွန်လာမည်။ အချစ်ရေးအဆင်ပြေပြီးမှခွဲခွာရမည်။ မုန်းလို့လည်းရ၊ ချစ်လို့လည်းရသော စိတ်ကြောင့် ဝမ်းနည်းမှု့မရှိဖြစ်မည်။ အလုပ်ကိစ္စ၊ စာမေးပွဲ ကိစ္စများ၊ အင်တာဗျူးများ မုမျအောင်မြင်မည်။ ခရီးသွားရန်ရှိသော်လည်း မသွားဖြစ်တတ်ပါ။

အကျိုးပေးဂဏန်း ၅၊၀၊၁

အထူးဟော        သင်ကံကောင်းမည်။

ယတြာ              ပေါက်စီ၅လုံးဘုရားကပ်ပါ။ကြာသပတေးနေ့နံနက်တွင်ကပ်ပါ။

သောကြာ

တစ်ယောက်မက ချစ်တတ်ပြီး တဇွတ်ထိုးလုပ်တတ်မှုတွေကြောင့် ချစ်သူတွေများလာမည်။ ခရီးဝေးယာယီမြင်သည်။ ကျန်းမာရေးအနည်းငယ်ချူချာမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ စာမေးပွဲ၊ အလုပ်အင်တာဗျူးအောင်မြင်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ပြုဖြစ်မည်။ အဝေးခရီးရောက်မည်။ လက်ဆောင်တွေရမည်။ ဆွေမျိုး၊သားချင်းအတွက် စိတ်ရှုပ်ရမည်။

အကျိုးပေးဂဏန်း ၆၊၁၊၉

အထူးဟော        အဆင်ပြေမည်။

ယတြာ              သောကြာနံနက်တွင် မြောက်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်ပါ။

စနေ                                                                                                                                                                                                            

စိုးရိမ်မှုများနှင့်ဖြစ်ပါ့မလားဟု တွေးပြီး လျှောက်လမ်းမှုများရှိနေမည်။ စိုးရိမ်မှုမလိုပါ။ အောင်မြင်မည်။ ဖြစ်ပါ့မလားဟုတွေးပြီး တထစ်ချ မဆုံးဖြတ်နိုင်မှုများရှိနေမည်။ မစိုးရိမ်နှင့်မုချဖြစ်ပါသည်။ ရပါ့မလား ဟုတွေးပြီး ဆောင်ရွက်မှုများလည်းရှိနေမည်။ မစိုးရိမ်နှင့်မုချရပါသည်။ ဘာလို့လည်းဆိုတော့ ဒီတပတ် သင့်ကံဇာတာ ကောင်းနေလို့ပါ။ မုန်းနေသူတို့ပြန်ချစ်မည်။ ခွဲခွာနေသူတို့ပြန်ဆုံမည်။ ဖုန်း၊အင်တာနက်နှင့် ပြောဆိုနေသောသူနှင့် လူကိုယ်တိုင်တွေ့ဖြစ်မည်။ သားချင်း၊မိသားစုတွေ အားလုံး စီးပွားရေး၊ကျန်းမာရေး အဆင်ပြေလာမည်။ သင်လည်းအောင်မြင်လာမည်။ ချစ်သူလည်း ကိုယ်နှင့်အဆင်ပြေပါမည်။

အကျိုးပေးဂဏန်း  ၇၊၀၊၂

အထူးဟော         အားလုံးကံကောင်းမည်။

ယတြာ               စနေနေ့နံနက်တွင် အိမ်ဘုရားကို ရေသက်စေ့ ရေအေးသပ္ပာယ်ပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။