Wednesday, July 24, 2013

ပုသိမ်၌ ပုဒ်မ(၁၈)ဖြင့် အရေးယူခံ လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦး အထိရှိလာ

ဧရာဝတီတိုင်းဒေသကြီး မြို့တော်ပုသိမ်မှာ တိုင်းမြို့တော်ဖြစ်သည်နှင့်အညီ ဆန္ဒထုတ်ဖော်ပွဲများ အများဆုံးပြုလုပ်ရာမြို့ ဖြစ်သည့်အလျှောက် ပုသိမ်မြို့ရှိ ရဲစခန်း(၂)ခု၌ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံထားရသော လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦး အထိ ရှိနေပြီဖြစ်သည်ဟု သက်ဆိုင်ရာရဲစခန်းများမှ သိရှိရသည်။

 ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုအရေး လိုက်ပါ ဆောင်ရွက်ပေးနေသော လူမှုကွန်ယက်အဖွဲ့အစည်းများမှ ခေါင်းဆောင်အားလုံးနီးပါးကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ ပုဒ်မ(၁၈)(က)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

၂၀၁၃ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ဒေသခံတို့၏ ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သော မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ဦးနေမျိုးဇင်အပါအ၀င် အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ခေါင်းဆောင်(၇)ဦး၊ လူ့အခွင့်အရေး စောင့် ကြည့် ကာကွယ်ရေးကွန်ယက်(HRWDN)မှ ခေါင်းဆောင်(၂)ဦးနှင့် အခြားလူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင် (၅)ဦးတို့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် သက်ဆိုင်ရာ ရဲစခန်းများမှ ပုဒ်မ(၁၈)(က)ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

"ကျွန်တော်ကတော့ နောင်လာနောက်သားတွေအတွက် ဒီလိုမရှိသင့်တဲ့ ဥပဒေပုဒ်မတွေ ပပျောက်သွားအောင် တော်လှန် သွားမှာပါ၊ အမှုဖွင့်ပြီး ဒီပုဒ်မနဲ့ တရားစွဲဆိုခဲ့မယ်ဆိုရင်တော့ ၀ရမ်းပြေးလို့ပဲ သတ်မှတ် သတ်မှတ် ဒီတရားစွဲဆိုမှုကို အသိအမှတ် မပြုသလို ရင်ဆိုင်သွားမှာလည်း မဟုတ်ပါဘူး"ဟု ပုဒ်မ(၁၈)(က)ဖြင့် ပန်းတနော် ရဲစခန်းမှ အမှုဖွင့်ခံ ထားရသူ ဦးနေမျိုးဇင်က ပြောသည်။

မကြာသေးခင် ကာလကပုဒ်မ(၄၀၁)အရ ထောင်ကြွေးကျန်(၆)နှစ်ကျော်ကျခဲ့ပြီး နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် မအူပင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သော ဗိုလ်ကြီးဟောင် နေမျိုးဇင်မှာ ဇန်န၀ါရီလအတွင်းက သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ခွင့်ပြုချက်မရရှိပဲ ပြုလုပ်ခဲ့သောဝန်ကြီး ဦးဆန်းဆင့် မပြောင်းရွေ.ရေး ပန်းတနော် ဒေသခံများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သဖြင့် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ပန်းတနော်ရဲစခန်းမှူးက အတည်ပြု ပြောကြားထားသည်။

"အဲ့ဒီအမှုက အခုမှအသစ်ထပ်ဖွင့်တဲ့အမှု မဟုတ်ပါဘူး၊ အဲ့ဒီအချိန်ကတည်းက ဖွင့်ထားတဲ့ အမှုဟောင်းပါ၊ ပုဒ်မ(၁၈)နဲ့ပါ၊ ပုဒ်မ(၁၈)နဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး" ဟု ပန်းတနော်ရဲစခန်းမှူး ဦးကျော်အေးလှိုင်က ပြောသည်။

အမှုဖွင့်ခံထားရသော လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦးမှာ ပုသိမ်မြို့တွင်း ယမန်နှစ် ဒီဇင်ဘာလတွင်းက ပြုလုပ်ခဲ့သော လက်ပန်တောင်းတောင်အရေးဆန္ဒထုတ်ဖော်ပွဲ၊ ယခုနှစ်တွင် ပြုလုပ်ခဲ့သော ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ၊ တရားစီ ရင်ရေး မဏ္ဍိုင်တည့်မတ်စေရန်နှင့် ချမ်းမြေ့အေး အဝေပြေးယာဉ်လိုင်းအား ဆန္ဒထုတ်ဖော်ပွဲ၊ မြို့နယ်(၄)ခုမှ မြေသိမ်းခံ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်ပွဲစသည့် ဆန္ဒထုတ်ဖော်ပွဲများကို ဥိးဆောင်ခဲ့သူများဖြစ်ကြောင်း အမှုဖွင့်ခံထားရသူတို့က ဆိုသည်။

"ဒီမိုကရေစီရဲ.စံနှုန်းကို ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ပဲ တိုင်းတာပါတယ်၊ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခွင့်မရဘူးဆိုရင် ရနေတဲ့ ဒီမိုကရေစီကအရေခြုံထားတဲ့ အတုအယောင်ဒီမိုကရေစီပါပဲ၊ အမှုဖွင့်ခံထားရတဲ့ လူမှု ခေါင်းဆောင်တွေကိုလည်း အချိန်မရွေးနောက်ကြောင်းပြန်လှည့်ရင် ထောင်ထဲထည့်ထားမယ်ဆိုတဲ့ သဘောကို ပြည်သူဝန်ထမ်းအမည်ခံထားတဲ့ ရဲတပ်ဖွဲ့က လုပ်ပြနေတာပါ"ဟု ပုသိမ်မြို့ အမှတ်(၂)ရဲစခန်း၌ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် ခံထားရသူ အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ဦးသန်းဝင်းက ပြောသည်။

ပုသိမ်မြို့၌ ပြုလုပ်ခဲ့သမျှ ဆန္ဒထုတ်ဖော်ပွဲများမှာ တရားဝင်ခွင့်ပြုမိန့်ရရန် ကြိုတင်ခွင့်ပြုမိန့်တင်ကြသော်လည်း မည်သည့် အခါမှ ခွင့်ပြုမိန့် ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ယခုကာလသည် အပြောင်း အလဲကာလ ဖြစ်သည့်အတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားအောင် ပြုလုပ်နေရခြင်းဖြစ်သောကြောင့် နားလည်ပေးစေလိုကြောင်း နောက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ပွဲများကို တရားဝင်ခွင်ပြုမိန့်ပေးသွားမည့် အကြောင်း မိမိ တို့အား တိုင်းအုပ်ချုပ်ရေးမှူးက တွေ့ဆုံစဉ်ကပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီကွန်ယက် ခေါင်းဆောင် တစ်ဦး (NDN)ဖြစ်သူ ဒေါက်တာသန်းထိုက်က ပြောသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။