Wednesday, July 24, 2013

ဆင်းရဲနွမ်းပါး၍ ကျောင်းပြင်ပရောက် ကလေးများအား ရခိုင်လူမှုအဖွဲ့အစည်းများ ကူညီမည်

poor childrensဆင်းရဲနွမ်းပါး၍ကျောင်းမတက်နိုင်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများအား အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဟု ရခိုင်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူတစ်ချို့မှာ ဆင်းရဲ နွမ်းပါးသဖြင့် ကျောင်းမထားနိုင်သလို ကျူရှင်မတက်နိုင်သည့် ကျောင်းသားကျောင်းသူများအတွက် ပညာရေးကဏ္ဍအား မြင့်တင်ရန် ဝံလက် ဖေါင်ဒေးရှင်းမှစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

 " ကလေးတွေက စာမသင်နိုင်တဲ့ ကလေးတွေ ဖြစ်တယ်၊ အဲဒီလို စာသင်ဖို့အတွက် အရမ်းခက်ခဲတယ်ဆိုရင် သူတို့ဟာ ကျောင်းရဲ့ ပြင်ပရောက်သွားတယ်ဆိုတော့ သူတို့ဟာ အမှိုက်လိုဖြစ်သွားတယ်၊ ကျွန်တော်တို့ဆီက သင်ပေးလိုက်တဲ့ ကလေးတွေ ဆယ်တန်းအောင်သွားတာရှိတယ်၊ သူတို့အတွက် ဘဝဖြတ်သန်းမှုတွေမှာ အောင်မြင်မှုတွေ ရသွားတယ်၊ ဒါဟာ အမှိုက်ကနေ ရွှေဖြစ်လိုက်တာဘဲ" ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထွန်းမြင့်သိန်း က ပြောသည်။

ဝံလက်ဖောင်ဒေရှင်းမှ ဖွင့်လှစ်သည့် စစ်တွေမြို့ မင်းဂံရပ်ကွက် အတွင်းရှိ " ရောင်ခြည်" အခမဲ့တက္ကသိုလ် ဝင်တန်းပညာသင်ကျောင်း အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ပညာရေးကဏ္ဍ၌ လိုအပ်ချက်များစွာ ရှိနေသေးသလို ကျောင်းသားကျောင်းသူများ၏ ပညာရေး ကဏ္ဍမှာလည်း ကျောင်းပြင်ပသို့ ရောက်ရှိသွားသူများလည်း ရှိနေသည်ဟု သိရသည်။

" ကျွန်တော်တို့ တွေ့ရှိထားတာက ကျောင်းပြင်ပ ပညာရေးအရေးပါတယ်ဆိုတာ ကျောင်းအတွင်းမှာ သင်ကြားနိုင်တဲ့ ရာခိုင်နှုန်းက တော်တော်နည်းပါတယ်၊ လူတစ်ရာမှာ ၆၀ ရာခိုင်နှုန်း လောက်ဘဲ မူလတန်း အဆင့်ကို သင်ကြားနိုင်ပါတယ်၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက မသင်နိုင်ကြဘူး"ဟု ဦးထွန်းမြင့်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိကျောင်းသားကျောင်းသူအချို့မှာ စရိတ်ကြီးမားသည့် ကျူရှင်လခများ မပေးနိုင်သည့်အတွက် အခမဲ့ပညာသင်ကျောင်းကိုသာ အားထားနေရခြင်းဖြစ်သည်ဟု သိရသည်။

"စစ်တွေမှာ တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်းတွေ တော်တော်လေးများလာတယ်၊ ဘာလို့လဲ ဆိုတော့ တကယ်ကို လိုအပ်လာတယ်၊ ဆင်းရဲနွမ်းပါးပြီး ကျောင်းပြင်ပကို ရောက်သွားတဲ့ ကလေးတွေအတွက် အခမဲ့ ပညာဒါနကျောင်းတွေက ပိုအရေးပါတယ်"ဟု စစ်တွေမြို့မှကျုရှင်ဆရာတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် တက္ကသိုလ်ဝင်တန်း ကျူရှင်လခနှုန်းထားများမှာ ကျောင်းသားတစ်ဦးလျှင် တစ်လလျှင် ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင် ရှိနေပြီး အဆင့်မြင့်ဝိုင်းများဆိုလျှင် ထိုထက်များသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"ကျွန်တော့်သမီးလေးက ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျတယ်၊ အပြင်ကျူရှင်ဝိုင်းမှာ ထားတယ်၊ တစ်လကိုတော့ သုံးသောင်း ပေးရတယ်၊ မရှိတဲ့ကြားက ပညာသင်ပေးနေရတာ၊ သားသမီးပညာရေး အတွက်ပေါ့"ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထို့အပြင် ဘော်ဒါဆောင်များ၌ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၅ သိန်းနှင့် အထက်ရှိသည် ဟု စစ်တွေမြို့ဘော်ဒါဆောင်အသိုင်းအဝိုင်းမှ သိရသည်။

၂၀၁၃ခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၁.၇၂ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် နှစ် နှစ်တာထက် ကျဆင်း သွားသည်။ ၂၀၁၁ ခုနှစ်က ၂၆.၈၁ ရာခိုင်နှုန်းနှင့်၂၀၁၂ ခုနှစ်က ၂၃.၈၈ ရာခိုင်နှုန်း အသီးသီးရှိသည်။

"ဒီကျောင်းပြင်က ပညာရေးဟာလည်း မရှိမဖြစ် လိုအပ်လာပါတယ်၊ နို့မဟုတ်ရင် ဒီ၄၀ ရာခိုင်နှုန်းကျောင်းသား တွေရဲ ပညာရေးဟာ ဘာဖြစ်သွားမလဲ ၊ ဒါကြောင့် ဒီအခမဲ့ ပညာသင်ကျောင်းတွေ ရှိဖို့ဆိုလို့ရှိရင် ပြောခဲ့တဲ့ ၄၀ ရာခိုင်နှုန်း ပညာသင်ကြားနိုင်မှာ မဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ အပါအဝင် လူမှုအဖွဲ့အစည်းတွေက တဖြည်းဖြည်းလုပ်လာရင် ဒီကွက်လပ်လေးကို ဖြည့်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒါဟာ တကယ်တမ်း အရေးပါတယ်ဆိုတာကိုလည်း ပြောလို့ရပါတယ်"ဟု ဦးထွန်းမြင့်သိန်းက ဆိုသည်။

ဝံလက်ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ပညာရေးလုပ်ငန်း ၊ အသက်မွေးဝမ်း ကျောင်းပြုလုပ်ငန်းများအား အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဇူလိုင်လ ၁၉ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းအခမဲ့ ပညာသင်ကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၄၃ ဦးရှိပြီး ယင်းအနက် အတွင်းဖြေဆိုသူမှာ ၁၈၇၇ဦးနှင့် အပြင်မှ ဖြေဆိုသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၁၃၆၆ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။