Tuesday, July 23, 2013
ငြိမ်းချမ်းမှုကို မြတ်နိုးသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့၌ တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကား
7.22.13
ဇူလိုင်  ၂၂  ရက် ၀ါဆိုလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဝတ်ပြုနေသော အဘွားအိုနှင့် ကလေးငယ်အချို့ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ငြိမ်းချမ်းမှုကို မြတ်နိုးသော ဗုဒ္ဓဘာသာ ၀င်တို့၏ အထွတ်အမြတ် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့၌ တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား အပါအ၀င် အခြားတန်ခိုးကြီး ဘုရားများ၌ ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများဖြင့် ဘုရားဖူး ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီတော် ဖြစ်သော ရွှေတိဂုံဘုရားတွင် နံနက်အစောပိုင်း ၄ နာရီ အချိန်၌ စေတီ၏ အရပ်လေးမျက်နှာရှိ ဘုရားများကို မျက်နှာတော် သစ်တော်မူခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးများ ကပ်လှူခြင်း၊ သစ်သီးဆွမ်း၊ ချိုချဉ်ခဲဖွယ် ဘောဇဉ်များ ကပ်လှူခြင်းနှင့် ၀ါဆိုရွှေကြာသင်္ကန်း ကပ်လှူခြင်းများကို ဘုရားဂေါပက အဖွဲ့များက ဦးဆောင်၍ ဘာသာရေး အသင်းအဖွဲ့များ၊ ၀န်ထမ်းများမှ ပြုလုပ်ခဲ့ကြပြီး ဘုရားဖူး အလှူရှင်များနှင့် နံနက်စောစောပိုင်း အချိန်အခါတွင် စည်ကားလျက်ရှိသည်။
''အမေတို့က ၀ါဆိုလပြည့်နေ့ဆို နှစ်တိုင်း ရွှေတိဂုံဘုရားကို လာဖူးမြော်ရင်း အလှူဒါန ပြုဖြစ်ပါတယ်။ နံနက်စောစော ဆိုတော့ လူလည်း နည်းနည်းရှင်းတယ်။ ဘုရားဆွမ်းကပ်တာတို့ ရေသပ္ပာယ်တာတို့ ပြုလုပ်ဖြစ်ပါတယ်'' ဟု ဘုရားလာဖူးသူ အသက် ၆၂ နှစ် အရွယ် အဘွားအို တစ်ဦးက ပြောကြားသည်။
7.22.14
''ရွှေတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလို အခမ်းအနားတွေ စည်စည်ကားကားနဲ့ နှစ်တိုင်း ပြုလုပ်ဖြစ်တယ်။ အလှူရှင်တွေ လှူထားတဲ့ ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြု လုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ပါ'' ဟု ဘုရားဂေါပက ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းကြိုင်က ဇူလိုင် ၂၂ ရက် နံနက်တွင် Daily Eleven သို့ ပြောကြားခဲ့သည်။
ဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်ဘုရား၌ လာရောက် ဖူးမြော်သူများဖြင့် စည်ကားခဲ့ပြီး ဘုရားပေါ်တွင် အအေး၊ ကြာဆံကြော်တို့ လှူဒါန်းခြင်းအပြင် မဏ္ဍပ်ဆောက်လုပ်၍ နေ့လယ်စာထမင်း၊ ဟင်းများကို ဧည့်ခံကျွေးမွေး လျက်ရှိသည်။
ရွှတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလို အခမ်းအနားတွေ စည်စည်ကားကားနဲ့ နှစ်တိုင်း ပြုလုပ်ဖြစ်တယ်။ အလှူရှင်တွေ လှူထားတဲ့ ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြု လုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ပါ...
ဝါဆိုလပြည့်နေ့သည် အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ ဖြစ်သဖြင့် ဗိုလ်တထောင် ဘုရားပေါ်တွင် လူကြီးများ သာမက လူငယ်များ၊ ကလေးငယ်များဖြင့် အထူးစည်ကားလျက်ရှိပြီး လူငယ် ပရဟိတ အဖွဲ့များမှ စတုဒိသာ အလှူများ လာရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့က တာဝတက္ကသိုလ် ကျောင်းသားတွေပါ။ ပရဟိတအဖွဲ့ ရယ်လို့တော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ စုပြီးတော့ အအေးအလှူဒါန လာပြုတာပါ။ အခုလိုလာလှူတာ ပထမဦးဆုံး အကြိမ်ပါ။ နောင်နှစ်တွေလည်း ဒီလိုမျိုး ထပ်ပြီးတော့ လှူသွားမှာပါ'' ဟု တာဝတက္ကသိုလ်ကျောင်းသား ကိုထင်က ပြောသည်။
7.22.15
စွယ်တော်မြတ် စေတီတော်တွင် ၀ါဆိုလပြည့်နေ့က လာရောက်ဖူးမြော်ကြစဉ်
ထို့အပြင် စွယ်တော်စေတီတော်တွင်လည်း ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဘုရားဖူး ဧည့်သည်များကို စတုဒိသာ ကျွေးမွေးခြင်း၊ နေ့လယ်စာ ထမင်းဟင်း ကျွေးမွေးဧည့်ခံမှုများကို ဘုရားဂေါပက တာဝန်ရှိသူများက ပြုလုပ်ခဲ့ကြသည်။
''၀ါဆိုလပြည့်နေ့တိုင်း စွယ်တော်စေတီမှာက နှစ်စဉ်လုပ်ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲတွေရှိတိုင်း ရာသီအလိုက် ပွဲတွေကို လုပ်ဖြစ်ပါတယ်။ ဘုရားဖူးတွေရဲ့ လုံခြုံရေး အခြေအနေကိုလည်း ဂရုစိုက်တဲ့ အတွက် လုံခြုံရေး အခြေအနေကို ပုံမှန်ထက် တိုးမြှင့်ထားပါတယ်'' ဟု ဘုရားဂေါပက အဖွဲ့ဝင် ဦးစိန်ဟန်က ပြောကြားသည်။
အဆိုပါ စေတီတော်ရှိ ဓမ္မာရုံတွင် ကလေးဝ ဆရာတော်မှ ၀ါဆိုလပြည့်နေ့ ဓမ္မစကြာ တရားတော်ကို ဟောကြားပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာအေး စေတီတော်တွင် နံနက် ၉ နာရီခွဲခန့်တွင် ဘုရားဖူးလာသူများကို သီလပေးခြင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား စတင်ကျင်းပကာ ညနေပိုင်းတွင် စေတီတော်တွင်းရှိ ရုပ်ပွားတော်များကို ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း ကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားများ ဖြစ်သော ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်စေတီတော်နှင့် ဗိုလ်တထောင် စေတီတော်တို့တွင် ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲ၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အုန်းပွဲ၊ ငှက်ပျောပွဲများ ကပ်လှူပူဇော်ခြင်း၊ ငါးစာ လိပ်စာများ ကျွေးခြင်း၊ ငှက်လွှတ်ကုသိုလ် ယူသူများနှင့် စည်ကားလျက်ရှိသည်။
7.22.16
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ထူးခြားချက်များမှာ ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိတာ နတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေ တည်ခဲ့သည်။ ၀ါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော် မူခဲ့သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့သည်။
ဝါဆိုလပြည့်နေ့၌ပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ထို့ကြောင့်ပင် (သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို) ဟု ရှေးအစဉ်အဆက် ကတည်းကပင် မှတ်သားထားကြသည်။ ထိုထို အကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဓမ္မစကြာတရား ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟူ၍လည်း သတ်မှတ် ထားကြသည်။
(၁) ပဋိသန္ဓေ တည်သည့်နေ့ - မဟာ သက္ကရာဇ်-၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ - မဟာသက္က ရာဇ်-၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး ဟောသည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄)သောတာပန်လူသား စပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။