Tuesday, July 23, 2013

ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်မြေကွက် ရယူထားသူများ မြေကွက်တန်ဖိုး အကျေ မပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းငွေ ပြန်အမ်းမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် မြေကွက်ရယူထားသူများ မြေကွက်တန်ဖိုး အကျေမပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းထား သည့် ငွေများ ပြန်အမ်းပေးမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များအနက် မြေကွက်ရယူထားပြီး မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိနေသေးသည့် စက်မှုဇုန်များဖြစ်သော ရွှေပြည်သာ မြို့နယ်ရှိ ၀ါးတရာ စက်မှုဇုန်၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန်၊ သန်လျင်မြို့နယ်ရှိ သီလ၀ါ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ စက်မှုဇုန် အပိုင်း(၁)၊ ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ စက်မှုဇုန် အပိုင်း(၁)၊ ဒဂုံတောင်ပိုင်း မြို့နယ်ရှိ ကျန်စစ်သားရိပ်မွန် စက်မှုဇုန်အပိုင်း(၁)တို့တွင် စက်မှုဇုန်မြေကွက် ၀ယ်ယူရရှိပြီး မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိသူများသည် ယခုလကုန် နောက်ဆုံးထား၍ ပေးသွင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိသူများသည် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပြီး ထိုသို့ မပေးသွင်းပါက မြေကွက်ဝယ်ယူခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကြောင်းနှင့် ပေးသွင်းထားသည့်ငွေကို ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထူထောင်ပြီး စက်မှုဒေသ ၁၈ ခုရှိပြီး စက်မှုဇုန် အများအပြားတွင် မြေကွက်တန်ဖိုး အကျေမပေးသွင်း ထားသည့် မြေကွက်များနှင့် ၀ယ်ယူပြီး မည်သည့်စက်မှု လုပ်ငန်းမှ မတည်ထောင်သော မြေကွက် အများအပြား ရှိကြောင်းနှင့် စက်မှုဇုန် မြေကွက်များ ဈေးနှုန်းအဆမတန် မြင့်မားမှုကြောင့် အမှန်တကယ် စက်မှုလုပ်ငန်း တည်ထောင်လိုသော ပြည်တွင်းပြည်ပ လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ခွင့်ပြုထားသည့် စက်မှုဇုန် ၂၄ ဇုန်ဝန်းကျင် ရှိသော်လည်း စက်မှုဇုန် အချို့သည် လုပ်ငန်းလည်ပတ်မှု နည်းပါးနေဆဲဖြစ်ပြီး လက်ရှိစက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၄၀၀၀ ကျော်သာ ရှိကြောင်းနှင့် စက်မှုဇုန်များတွင် လျှပ်စစ်မီး ရရှိနိုင်အောင်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ ခရိုင်လေးခု ခွဲခြားထားသော စက်မှုဇုန်များ ရှိနေပြီး အဆိုပါ စက်မှုဇုန်များအနက် အချို့မှာ သီလ၀ါ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဥယျာဉ်၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ ဒဂုံအရှေ့ပိုင်း စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်- ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ မြောက်ဒဂုံ စက်မှုဇုန်၊ မြောက်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်- ၁၊ ၂၊ ၃၊ ၄ ၊ သာဓုကန် စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်- ၁၊ ၂၊ ၃၊ တောင်ဥက္ကလာပ စက်မှုဇုန်၊ သာကေတ စက်မှုဇုန်များ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။