Tuesday, July 23, 2013

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ


7.21.3

ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ်

ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီတော်ဖြစ်သော ရွှေတိဂုံဘုရားတွင် နံနက်အစောပိုင်း ၄နာရီအချိန်၌ စေတီတော်၏ အရပ်လေးမျက်နှာရှိ ဘုရားများကို မျက်နှာတော်သစ်တော်မှုခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးများ ကပ်လှူခြင်း၊သစ်သီးဆွမ်း၊အချိုအချဉ် ခဲဘွယ်ဘော ဇယ်များ ကပ်လှူခြင်းနှင့် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူခြင်းများကို ဘုရားဂေါပကအဖွဲ့များ ဦးဆောင်၍ ဘာသာရေး အသင်းအဖွဲ့များ၊၀န်ထမ်းများမှ ပြုလုပ်ခဲ့ကြပြီး ဘုရားဖူး အလှူရှင်များနှင့် နံနက် စောစောပိုင်း အချိန်ခါတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

7.21.1

''အမေတို့က ၀ါဆိုလပြည့်နေ့ဆို နှစ်တိုင်းရွှေတိဂုံဘုရားကို လာဖူးမျှော်ရင်း အလှူဒါန ပြုဖြစ်ပါတယ်။ နံနက်စောစော ဆိုတော့ လူလည်းနည်းနည်း ရှင်းတယ်။ ဘုရားဆွမ်းကပ်တာတို့ ရေသပ္ပါယ်တာတို့ ပြုလုပ် ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။   

ဝါဆိုလပြည့် အခါသမယ နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေဘုရား၊ ကမ္ကာအေးစေတီတော်၊စွယ်တော်စေတီတော်နှင့် ဗိုလ်တထောင် စေတီတော်တို့တွင် ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။   

"ရွှေတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလိုအခမ်းနားတွေ စည်စည်ကားနဲ့ နှစ်တိုင်းပြုလုပ်ဖြစ်တယ် အလှူရှင်တွေ လှူထားတဲ့ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ရယ်ပါ'' ဟု ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်း တွင် Daily Eleven သို့ ပြောကြားခဲ့သည်။

7.21.2

ဗိုလ်တထောင် စေတီတော်အား လာရောက်ဖူးမျှော်ကြသူများကို ၀ါဆိုလပြည့်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ထို့အပြင် ဗိုလ်တထောင်ဘုရားတွင်လည်း လာရောက်ဖူးမျှော်ကြ သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့သည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့် အတွက် လူကြီးများ သာမကပဲ လူငယ်များ၊ ကလေးများဖြင့် အထူးစည်ကား လျက်ရှိပြီး လူငယ်ပရဟိတအဖွဲ့များ၊ သူငယ်ချင်းများ စုပေါင်း၍လည်း စတုဒီသာ အလှူများ လာရောက်ပြုလုပ် ကြကြောင်း သိရသည်။     

ဗိုလ်တထောင်ဘုရားပေါ်တွင် စတုဒီသာအနေဖြင့် အအေး၊ ကြာဇံကြော် လှူဒါန်းခြင်းအပြင် မဏ္ဍပ်ဆောက်လုပ်၍ နေ့လည်စာ ထမင်း၊ ဟင်းများ စတုဒီသာ ပြုလုပ်လျက်ရှိပြီး ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ အုန်းပွဲ၊ ငှက်ပျောပွဲများ ကပ်လှူပူဇော်ခြင်း ငှက်လွှတ်၍ ကုသိုလ်ပြုခြင်း၊ ငါးစာ၊ လိပ်စာများ ကျွေးခြင်း စသည်ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်းလည်း သိရသည်။

7.21.5

စွယ်တော်မြတ် စေတီတော်အား လာရောက်ဖူးမျှော်ကြသူများကို ၀ါဆိုလပြည့်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ထို့အပြင် စွယ်တော်စေတီတော် တွင်လည်း ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဘုရားဖူးဧည့်သည်များကို စတုဒီသာ ကျွေးမွေးခြင်း၊ နေ့လည်စာ ထမင်းဟင်း ကျွေးမွေးဧည့်ခံမှုများကို ဘုရားဂေါပက တာဝန်ရှိသူများမှ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။