Tuesday, July 23, 2013

ချထားပေးသည့် အိမ်ရာများနှင့် အဆင်မပြေဖြစ်နေသည့် ရခိုင်ဒုက္ခသည်များ

ရခိုင်ဒုက္ခသည်များမှာ အသစ်ချပေးထားသည့် ခြေတံရှည်အိမ်များနှင့်   အဆင်မပြေမှုများနှင့် ကြုံတွေ့နေရ သလို လမ်းမရှိသည့်အတွက်လည်း သွားရလာရခက်ခဲသည်ဟု ရခိုင်ဒုက္ခသည်တို့က ဆိုသည်။

စစ်တွေမြို့ မင်းဂံ၊ ဓညဝတီ၊ ဒုံးတိုက်ကွင်း၊ မိုးဝေဝါသ၊ စက်ရုံစု အစရှိသည့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို စက်မှုရပ်ကွက်အတွင်း၌ ဆောက်လုပ်ထားသည့် ခြေတံရှည်အိမ်များ၌ ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ အိမ်ထောင်စု (၆၀၀)ကျော်ကို နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 "လမ်းတွေက အဆင်မပြေဘူးဗျာ၊ သွားမယ့်လမ်းတောင် မရှိဘူး၊ မိုးကြီးရင် ကလေးတွေ ကျောင်းသွားဖို့ အခက်အခဲရှိတယ်၊ ဒီနေရာက နဂိုကတည်းက ရေဝပ်တဲ့နေရာဆိုတော့ မိုးကြီးရင် ရေတွေက ပြည့်နေတယ်''ဟု မင်းဂံရပ်ကွက်ဒုက္ခသည်စခန်းမှ ရွှေ့လာသည့် ဒုက္ခသည်တစ်ဦးက ပြောသည်။

ရခိုင်ပဋိပက္ခတစ်နှစ်ကျော် ကြာပြီးနောက် ဇူလိုင်လ (၁၉)ရက်နေ့မှ စ၍ ရခိုင်ဒုက္ခသည်များအား ပြန်လည် နေရာချပေးထားခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခ့ဖြစ်ပွားခဲ့သည့် မြို့နယ်များဖြစ်သော ပေါက်တော၊မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ကျောက်ဖြူ၊ရမ်းဗြဲ၊ မောင်တော၊စစ်တွေမြို၊ မြောက်ဦး၊ မြို့နယ်များရှိ ဒုက္ခသည်များအတွက် တန်းလျားများ ဆောက်လုပ်ထားရာ၌ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်များကို ပြန်လည်နေရာ ချပေးလိုက်ခြင်း ဖြစ်သည်။

" အိမ်က အိမ်ထောင်စုအတိုင်း ပေးတာပါ၊ စာရွက်စာတမ်းတွေလည်းပါတယ်၊ အပြီးအပိုင်နေထိုင်ခွင့်ပေးထားပါ၊ ပြန်လည် နေရာချပေးထားလို့လည်း ပြောကြတယ်၊ မီးရှိုးရာမှာ ပါသွားတဲ့ အိမ်နဲ့ မြေကွက်တွေတော့ ရမရကို မသိဘူး၊ အခုဒီအိမ်မှာနေရတာ အဆင်ပြေတယ်ဆိုပေမယ့် ထရံက ဝါးထရံဆိုတော့ မိုးပက်တယ်၊ လျှပ်စစ်မီးလည်း မရှိဘူး၊ ပြီးတော့ လမ်းမက တစ်ခုဘဲရှိတယ်၊ ဒါတောင်မြေသားလမ်း ၊မိုးရွာရင် သွားလို့ကို ခက်ခဲတာ၊ တစ်မိုးတော ဒီလိုဘဲ ဒုက္ခခံရဖို့ရှိတယ်''ဟု အသက် ၄၀ အရွယ် ဒုက္ခသည် အမျိုးသားတစ်ဦး က ပြောသည်။

ခြေတံရှည် အိမ်များသည် သွပ်မိုးပျဉ်ခင်း၊ဝါးထရံကာ အမျိုးအစားဖြစ်ရာ ရခိုင်ဒုက္ခသည်များအတွက် စုစုပေါင်း ခြေတံရှည် အိမ် ၆၀၀ ကျော် ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလီဒုက္ခသည်များအား အမိုးအကာဖြင့် နေထိုင်ရန် စီစဉ်ခဲ့သော်လည့် ဒုက္ခသည်တစ်ချို့မှာ လယ်ကွက်များအတွင်း တဲထိုး၍ နေကြဆဲဖြစ်သဖြင့် ရွှေ့ပြောင်းရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ရကြောင်းကိုလည်း သိရသည်။

"သူတို့က ဒုက္ခသည်အစစ်မဟုတ်တဲ့သူတွေ များတယ်၊ လယ်တဲမှာ ဖြစ်သလိုနေကြတာ၊ သူတို့ဟာ ဒုက္ခသည်စာရင်းထဲမှာ မပါတဲ့သူတွေလည်း ရှိတယ်''ဟု စစ်တွေမြို့နယ် သဲချောင်းမှ ဘင်္ဂလီ အမျိုးသားတစ်ဦးက ဆိုသည်။

"တစ်ချို့ကို ကျွန်တော်တို့က အမိုးအကာအောက်မှာ ရောက်ဖို့အတွက် စီစဉ်ပေးပေမယ့် လက်မခံကြတဲ့ သူတွေလည်းရှိတယ်၊ တော်တော်လေးကို လုပ်ရခက်တယ်၊''ဟု ဘင်္ဂလီဒုက္ခသည် စခန်းများသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရခိုင်ဒုက္ခသည်များအနက်မှ ဘင်္ဂလီဒုက္ခသည်များအား အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးအတွက် သုံးစွဲငွေ ကျပ်သန်းပေါင်း ၄၉၅ဝ ဒသမ ဝဝဝ ဖြင့် ရှစ်ခန်းတွဲပါ တန်းလျားအလုံး ၉၈၉ လုံး ဆောက်လုပ် ထားပြီး လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ငွေကျပ်သန်းပေါင်း ၁၅၅ဝ ဒသမ ၄၇၈ သန်း သုံးစွဲခဲ့သည်ဟု သိရသည်။

သို့သော် ဒုက္ခသည်လိုင်တန်းများဆောက်လုပ်ထားရှိမှုတွင် ဒုက္ခသည်များနှင့် အဆင်မပြေမှုများ ကြုံတွေ့ နေသည်ဟု စစ်တွေမြို့မှ ရခိုင်ဒုက္ခသည်များတို့က ဆိုသည်။

"ဆောက်လုပ်ပေးတာတော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့က ဒီနေရာမှာ တစ်လထဲ နေရာမှာ မဟုတ်ဘူး၊ နှစ်ချီပြီး ကြာမယ်ဆိုတော့ အခု ဆောက်လုပ်ပေးထားတဲ့ အိမ်တွေမှာ လမ်းတွေ၊ သောက်ရေတွေ ၊ လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အခုက အိမ်အောက်ကိုဆင်းလိုက်တာနဲ့ ရွံ့တွေနဲ့ ထိတွေ့နေရတယ်၊ ကျွန်တော်တို့ ကြားတာကတော့ ဟိုဘက်ဒုက္ခသည်တွေမှာ လမ်းတွေ အဆင်ပြေတယ်၊ သောက်ရေတွေ အဆင်ပြေတယ်လို့ ကျွန်တော်တို့ ကြားထားတယ်''ဟု ဒုက္ခသည်တစ်ဦးက ရှင်းပြသည်။

ရခိုင်ဒုက္ခသည်များအတွက် ခြေတံရှည်အိမ်များ ဆောက်လုပ်ပေးရာ၌ တစ်ချို့အိမ်များသည် ရေဝပ်သလို ရေမြောင်းများ ရှိသည့်အတွက် သွားလာရခက်ခဲသည့် အိမ်များလည်းရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခမှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ဘေးဒဏ်သင့်ဒုက္ခသည်များအား ပြန်လည် နေရချထားရေး ကိစ္စရပ်များဆောင်ရွက်ရာ၌ ခက်ခဲမှုများရှိသလို ကာလအတန်ကြာ လုပ်ဆောင်ရမည့် အပိုင်း များလည်း ရှိသည်ဟု သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။