Saturday, May 25, 2013

ပုသိမ်မြို့တွင် သားအဖနှစ်ဦးက ဈေးဝယ်လာသူ လင်မယားကို ထိုးကြိတ်မှုဖြစ်ပွား

5.25.19

အခင်းဖြစ်ကား၊ အခင်းဖြစ်ပွားရာ နေရာအား လာရောက်ကြည့်ရှုသူများနှင့် တွေ့ရစဉ်

ပုသိမ်မြို့တွင် မေ ၂၃ ရက်နံနက် ၈ နာရီခွဲခန့်က ဈေးဝယ်လာသည့် လင်မယား နှစ်ဦးကို ဆရာဝန်ဖြစ်သူ ဖခင်နှင့် သားဖြစ်သူ တပ်မတော်(လေ) မှ ဗိုလ်ကြီးက မချေမငံဆက်ဆံကာ ထိုးကြိတ်ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အရိုက်ခံခဲ့ရသူ ဦးမျိုးဝေက ''ကားရပ်ထားတာကို လာဖယ်ခိုင်းတာ၊ အိမ်နဲ့လွတ်တယ်။ လမ်းဘေးမှာ ရပ်ထားတာကို လာဖယ်ခိုင်းတာ၊ သူ့အိမ်က ဆိုင်ကယ်နဲ့ ထွက်လာပြီးကို ဖယ်ခိုင်းတာ။ ခင်ဗျားကားနဲ့လာလို့ မလွတ်ရင် ကျွန်တော်ဖယ်ပေးပါ့မယ်။ အခုက အလွတ်ကြီးပါလို့ ကျွန်တော်ကပြောတယ်။ ဒါဆို ကားနဲ့ ထွက်လာရင် ဖယ်ပေးမလားလို့ သူကပြောတယ်။ ဒါနဲ့ သူက အိမ်ထဲ ပြန်ဝင်သွားတယ်။ ပြီးတော့ ခြံတံခါးဖွင့်ပြီး ပြန်ထွက်လာတယ်။ ကျွန်တော့်ကား ထွက်မယ်လို့ ပြောတယ်။ ကားလာရင် ဖယ်ပေးမှာလို့ ပြောနေတုန်း အဲဒီဗိုလ်ကြီးက ကျွန်တော့် ဘယ်ဘက်ပါးကို ပိတ်ရိုက်ပြီး ကားပေါ်ကနေ ဆွဲချတယ်'' ဟု ပြောပါသည်။

ပုသိမ်မြို့အမှတ် (၅) ရပ်ကွက်၊ ဘူတာရုံလမ်း၊ လူစည်ကားရာ ဘူတာဈေးဟု အများခေါ်ဝေါ်ကြသည့် အောင်ဧရာဈေးရှေ့တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးမျိုးဝေနှင့် ဇနီးဒေါ်ခင်သူဇာ၊ မောင်ရှိုင်းထက်အောင်တို့၏ ရာဇာဂျစ် အစိမ်းရောင်ဖြင့် ဒေါက်တာအောင်ငြိမ်း၏ ခြံရှေ့ကားလမ်း နံဘေးတွင် ကားရပ်၍ ဈေးဝယ်ရာမှ ဒေါက်တာအောင်ငြိမ်း၏ သားဖြစ်သူ တပ်မတော် လေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးအောင်နှင့် ယခုလို အချင်းများ ရိုက်နှက်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ဦးမျိုးဝေ၏ဇနီး ဒေါ်ခင်သူဇာကလည်း ''ကျွန်မယောက်ျားကို မရိုက်ဖို့ တားပါတယ်။ အဲဒီမှာ ဒေါက်တာအောင်ငြိမ်းက သံတုတ်ကိုင်ထွက်လာပြီး ကျွန်မကိုရိုက်တယ်။ ကျွန်မက လက်နဲ့ကာလိုက်တော့ လက်ဝါးစောင်းကွဲပြီး ဒဏ်ရာရသွားတယ်။ နောက်သူ့သားဗိုလ်ကြီးက ကျွန်မရင်ဝကို ဆောင့်ကန်တယ်။ ကျွန်မ ယောက်ျားကိုလည်း ကန်တယ်'' ဟု ဆိုသည်။

ထိုသို့ အချင်းဖြစ်ပွားရာသို့ လမ်းသွားလမ်းလာများနှင့် မြို့ခံများ လူတစ်ရာကျော် စုဝေးရောက်ရှိ လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက လူအုပ်ကြီးကို ရှင်းလင်း ပေးခဲ့ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာအောင်ငြိမ်းနှင့် သားဖြစ်သူ ဗိုလ်ကြီး ပြည့်ဖြိုးအောင်အား ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှ (ပ) ၉၉/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(ညစ်ညမ်းစွာဆဲဆိုမှု)၊ ၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု)၊ ၃၅၄ (ကာယိနြေ္ဒ ပျက်စီးသည်အထိ လက်ရောက်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။