Saturday, May 25, 2013

အခွင့်အလမ်းနှင့်လစာတိုးရမည်ဆိုပါက လိင်လုပ်သားဘ၀ကို စွန့်လွှတ်လို

မြန်မာနိုင်ငံမှ အမျိုးသမီးအချို့သည် လိင်အလုပ်သမများအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှ ကင်းလွတ် စေရန် အလုပ်အကိုင်အခွင့်အလမ်းများပေးခြင်းနှင့် တာဝန်ရှိသူများမှပံ့ပိုးပေးရန်အတွက် နေရာ၊ဌာနများ ပြု လုပ်ပေးရန်လည်း လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်အသင်း အကြံပေး ဒေါ်နုနုရီက ဆိုသည်။

 

"အမျိုးသမီးတွေအနေနဲ့လခစားအလုပ်နဲ့ မလုံလောက်ဘူး။ဒါကြောင့် အစိုးရလည်း ဖြစ်ချင်ဖြစ်မယ်၊ လူမှုအဖွဲ့ အစည်းတွေ ၊ အင်န်ဂျီအိုတွေကနေ အသေးစားငွေထုတ်ချေးပေးပြီးတော့ ငွေရင်းငွေနှီးတင်မကပဲ နည်းပညာပိုင်းပါ ပံ့ပိုးပေးသင့်တယ်"ဟု မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အကြံပေး ဒေါ်နုနုရီက ပြောသည်။

 

လိင်လုပ်သားအဖြစ်လုပ်ကိုင်ရင်းအသက်မွေးဝမ်းကြောင်းပြုလုပ်သည့် အမျိုးသမီးအများစုမှာ နယ်မြို့များမှ ဒေသခံများဖြစ်ပြီး အဆိုပါအလုပ်လုပ်ကိုင်ရခြင်းမှာ လခစားလုပ်ငန်းထက် ငွေကြေးပိုမိုရရှိခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးနေ အသက် (၂၂)နှစ်အရွယ် လိင်လုပ်သားတစ်ဦးဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

 

 "စတိုးဆိုင်မှာလုပ်တော့ တစ်လကို လစာ လေးသောင်း ၊ ငါးသောင်း အဲ့ဒါမျိုးပဲရတယ်။ နယ်မှာမိသားစုက (၆) ယောက် ရှိတယ် ။သူတို့ကို ပြန်မထောက်ပံ့နိုင်ဘူး ၊ အဲ့ဒီအချိန်မှာ အဖေဆုံးသွားတော့ မိသားစုကို ထောက်ပံ့ နိုင်ဖို့ ငွေအရေးတကြီး လိုအပ်လာတဲ့အတွက် ဒီလိုလိင်လုပ်သားဘ၀ ကိုရောက်လာတာပါ"ဟု မိသားစုစားဝတ် နေရေးအခက်အခဲကြောင့် လိင်လုပ်သားဘ၀သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

 

နယ်မြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ရရှိသည့် လစာများသည် မိသားစုအတွက် အဆင်မပြေ   ခြင်းကြောင့်သာ   လိင်လုပ်သားအဖြစ် လုပ်ကိုင်နေရသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ အရ အလုပ်အကိုင်အခွင့်အလမ်းများ ၊ လစာများကို တိုးချဲ့ချထားပေးမည်ဆိုပါက လိင်လုပ်သားဘ၀ကို စွှန့် လွှတ်လိုကြောင်း ၄င်းက ဆက်ပြောသည်။

 

 "ကိုယ့်အတွက် အာမခံချက်ရှိမယ်ဆိုရင် ရုန်းထွက်ချင်ကြတယ်။ အဓိကက နေရေးထိုင်ရေးက အရေးအကြီး ဆုံးပဲ။ ဒါပေမယ့် နေရေးထိုင်ရေးအဆင်ပြေပြန်တော့ စားဖို့ဝတ်ဖို့ ပူရပြန်ရော။ အဲ့ဒါတွေအဆင်ပြေမယ့် အလုပ်တွေရှိလာရင် ဒီအလုပ်ကနေ ရုန်းထွက်ချင်တယ်"ဟု မ၀ါဝါ(အမည်လွှဲ) ကပြောသည်။

 

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း များချထားပေးရာ၌ ၀န်ထမ်းများအပေါ် အလုပ်အကိုင်တည်မြဲရေးအတွက် ဘ၀အာမခံချက်ပေးရန် နှင့် လုပ်ခလစာကို ထိုက်တန်စွာပေးရန်တို့ လိုအပ်သည်ဟု တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဒေါ်မိုးဝေက အကြံပြု ပြောကြားသည်။

 

"အလုပ်သမားတွေအတွက်က အလုပ်အကိုင်အခွင့်အလမ်းနည်းပါတယ် ၊ နောက်တစ်ချက်က သူတို့ရဲ့ အလုပ်အကိုင်တည်မြဲမှု အပေါ်မှာ အာမခံချက်ကို အစိုးရပိုင်းကလဲ မပေးနိုင်ဘူး၊ ဘယ်သူကမှ မပေးနိုင် သေးတဲ့အတွက် အလုပ်ရှင်တွေက အလုပ်သမားတွေကို အလွယ်တကူအလုပ်ထုတ်လို့ ရတယ်၊ အလုပ် ထုတ်ခံရလို့ နောက်အလုပ်သစ်တစ်ခုကို အလွယ်တကူပြောင်းဖို့အခွင့်အရေးမရှိတဲ့အခါ ၊ အဆင်မပြေတဲ့ အချိန်တွေမှာ  လိင်လုပ်သားအဖြစ် ပြောင်းလဲရပ်တည်မှုတွေရှိနေတယ်"ဟုအခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဌဒေါ်မိုးဝေက ပြောသည်။

 

Sex Worker in Myanmar Network သည် အဖွဲ့ဝင်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတွင် လိင်လုပ်သား ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူ ဦးရေအရေအတွက်ကို တိကျစွာသိရှိနိုင်ရန် အချက်အလက်များ ကောက်ယူနေပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လိင်လုပ်သား ငါးဦးလျှင် တစ်ဦးနှုန်းဖြင့် HIV ရောဂါကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေး ရယူလျက်ရှိသည့် လိင်လုပ်သားဦးရေ ၆၀,၀၀၀ ကျော်ရှိသည်ဟု အင်တာနက်စာမျက်နှာအချို့၌ ဖော်ပြသည့် သတင်းများအရ သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။