Tuesday, March 19, 2013

ရခိုင်အမျိုးသားနေ့ကို ၆ လအတွင်း အပြီးပြတ် သတ်မှတ်မည်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်အမျိုးသားနေ့ကို ၆ လအတွင်း ညီလာခံခေါ်ယူ၍ အပြီးပြတ် သတ်မှတ်တော့ မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ ရွေးချယ် သတ်မှတ်ရေး ကြိုတင်ပြင်ဆင်မှု ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
Rakhine-National-Day
ရခိုင်တိုင်းရင်းသားတို့ လိုလားတောင့်တနေသော ရခိုင်အမျိုးသားနေကိုလာမည့် ၆ လအတွင်း အပြီးပြတ်သတ်မှတ်သွားမည်။ (ဓါတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) ရခိုင်အမျိုးသားနေ့ ရွေးချယ်သတ်မှတ်ရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်တွေမြို့၌ကျင်းပစဉ်။
“တပြည်နယ်လုံးကနေ အမျိုးသားနေ့ သတ်မှတ်ရေး အဆိုပြုလွှာတွေကို ကော်မတီအနေနဲ့ ကြေညာချက်
ထုတ်ပြီးတော့ တောင်းခံထားတယ်။ ရခိုင်လူမျိုးတိုင်းရဲ့ အကြံပြုချက်တွေကို စုစည်းပြီးတော့ ပြည်တွင်း
ပြည်ပက ရခိုင်အရေး ကျွမ်းကျင်သူ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ပညာရှင်တွေနဲ့ ညီလာခံကို ခေါ်ယူပြီးတော့ ပညာရှင်တွေအားလုံး သဘောတူ သတ်မှတ်တဲ့ ရခိုင်အမျိုးသားနေ့ကို အတည်ပြုမယ်။ ညီလာခံက အတည်ပြုထားတဲ့ နေ့ရက်ကို ပြည်နယ် လွှတ်တော်ကနေ အဆင့်ဆင့် တင်ပြသွားမှာ ဖြစ်တယ်” ဟု ကော်မတီအဖွဲ့ဝင် စာရေးဆရာ ဗဂျီးကျော် က ပြောသည်။

စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရုံး၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က
ပြည်နယ်အစိုးရ ဝန်ကြီး သုံးဦး တက်ရောက်သည့် အစည်းအဝေးမှ ထိုကော်မတီကို ရခိုင်ရေးရာ ကျွမ်းကျင်သူ ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

“ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီးတော့ လာမယ့် ၆ လအတွင်းမှာ ရခိုင်အမျိုးသားနေ့ကို မဖြစ်မနေ အပြီးသတ်
ရွေးချယ် သတ်မှတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဗဂျီးကျော် က ဆိုသည်။

ထိုသို့ ကော်မတီဖွဲ့စည်းခဲ့ခြင်းအပေါ် RNDP ရုံးတွင် စတင်ဖွဲ့စည်းခြင်း၊ ကော်မတီဝင် အများစုမှာ စစ်တွေမြို့တည်းမှ ဖြစ်နေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အတွင်း ဝေဖန်မှုများလည်း ရှိနေသည်။

သို့သော် မည်သည့် နိုင်ငံရေးပယောဂမျှ မပါဘဲ ရခိုင်အမျိုးသားနေ့ ပေါ်ပေါက်ရေး တစ်ခုတည်းကိုသာ ရည်ရွယ်ကာ လွတ်လပ်သော ကော်မတီတရပ် ပေါ်ပေါက်ရေးကိုသာ ရှေးရှု ဆောင်ကျဉ်းပေးခဲ့ခြင်းသာ ဖြစ်ပြီး နောက်ပိုင်းတာဝန်များမှာ ကော်မတီ၏ လုပ်ဆောင်ချက် အပေါ်၌သာ မူတည်သည်ဟု RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကလည်း မည်သူဦးဆောင်သည်ဖြစ်စေ ရခိုင်ပြည်သူလူထု၏ ဆန္ဒနှင့် ထထပ်တည်းဖြစ်စေမည့် သမိုင်းပညာရှင်များ၏ အဆုံးအဖြတ်သည်သာလျင် အခရာကျပါကြောင်း ALD ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့် က သဘောထား ပေးသည်။

“၁၉၈၉ မှာ ရခိုင်သမိုင်းပညာရှင် ဆရာကြီး ဦးဦးသာထွန်းနဲ့ ကျနော်တို့တွေ ရခိုင်အမျိုးသားနေ့ကို
ဆွေးနွေး သတ်မှတ်တဲ့အခါ မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန် ပန္နက်ချခဲ့တဲ့နေ့ (တော်သလင်း လပြည့်ကျော် ၁ ရက်နေ့)ကို ရွေးချယ်ခဲ့ကြတယ်။ ရွေးချယ်ရခြင်းက မင်းစောမွန် မြောက်ဦးကို တည်ရင် မင်းသက်တိုပြီး၊ တိုင်းပြည်နဲ့ လူမျိုး နှစ်ပေါင်းများစွာ တည်တံ့မယ်လို့ နက္ခတ္တဗေဒ ပညာရှင်တွေ
လျှောက်တဲ့အခါ မင်းစောမွန်ဟာ မိမိရဲ့အသက်ကို ပဓာနမထားဘဲ ရခိုင်လူမျိုး ရေရှည်တည်တံ့ရေး အတွက် အသက်စွန့် ဆောင်ရွက်ရာမှာ အောင်မြင်ခဲ့လို့ပါပဲ” ဟု ဦးလှမြင့် က ရှင်းပြသည်။

ထိုစဉ်က ရခိုင်အမျိုးသားနေ့ကို တရားဝင် အတည်ပြုချက် ရယူရန် ALD က ကြိုးပမ်းခဲ့သော်လည်း စစ်အစိုးရ၏ ကန့်သတ်ဖိနှိပ်မှုများကြောင့် အထမမြောက်ခဲ့ရဘဲ ပါတီလည်း ဖျက်သိမ်းခံခဲ့ရကြောင်း ဦးလှမြင့် က ပြောသည်။

လက်ရှိ အခြေခံဥပဒေအရ ထိုသို့ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်မှာ ပြည်နယ်တွင် အခွင့်အာဏာ အပြည့်မရှိ၍ ဗဟိုအစိုးရထံ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥပဒေအကြံပေး အဖွဲ့ဝင် ဦးကောင်းစံရွှီ က ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းမှာ တိုင်းရင်းသားတို့၏ အခါကြီးနေ့ကြီး သတ်မှတ်ပြဋ္ဌာန်းခွင့် မပါဘူး။ လက်ရှိ ဆောင်ရွက်မှု တွေကနေ ဖြစ်ထွန်းလာမယ့် ရလဒ်ကို လွှတ်တော် လမ်းကြောင်းကနေ အဆင့်ဆင့်သော အတည်ပြုချက်တွေကို ရယူမယ် ဆိုရင်တော့ ပြည်ထောင်စု အစိုးရရဲ့ အတည်ပြုချက်ကို ရရှိနိုင်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ဒီဇင်္ဘာလ ၁၅ ရက်နေ့တွင် အာဏာပိုင်များက ဦးဆောင်ကျင်းပလျက်ရှိသည့် ရခိုင်ပြည်နယ်နေ့မှာ ၁၉၇၄ ခုနှစ်၊ အခြေခံ ဥပဒေအရ သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ အတည်ပြုပြီး လက်ရှိအချိန်အထိ ကျင်းပလျက်ရှိဆဲဖြစ်သည်။

၂ဝ၁၁ ဖေဖေါ်ဝါရီက RNDP ကြေညာချက်တခုတွင် ‘ရခိုင်အမျိုးသားနေ့’ သတ်မှတ်ရန်အတွက်
ပြည်တွင်း/ပြည်ပ ရခိုင်ပညာရှင်၊ ရခိုင်နိုင်ငံရေးသမား၊ သမိုင်းပညာရှင်များ ဝိုင်းဝန်းစဉ်းစားကြရန်
ကြေညာချက် တခု ထုတ်ပြန်ခဲ့ဖူးသည်။

အမျိုးသားနေ့ သတ်မှတ်ရန် အကြံပြုလာကြသည့် ရခိုင်နေ့ထူးနေ့များထဲတွင် ဆရာတော် ဦးဥတ္တမနေ့ (စက်တင်ဘာလ ၉ ရက်)၊ ရခိုင် ရှင်ဘုရင်လက်ထက် ဖိုးခေါင်တောင် (ရခိုင်ရိုးမ၊ အမ်း အနီး) မှာ ငြိမ်းချမ်း
ရေး လက်မှတ်ရေးထိုးသည့်နေ့၊ မြောက်ဦးခေတ် ဗမာရှင်ဘုရင်နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးသည့်
နေ့၊ ဓညဝတီပြည် စတင်ထူထောင်သည့်နေ့၊ မဟာမြတ်မုနိ ကိုယ်တော် ရေစက်သွန်းချသည့်နေ့၊ ရခိုင်ပြည်အား စန္ဒာသူရိယ စတင် ထူထောင်သည့်နေ့၊ ရခိုင်အမျိုးသားများ ခေတ်သစ် နိုင်ငံရေး
နိုးကြားလာသည့်နေ့များ စသဖြင့် ပါဝင်သည်။

ထိုအထဲမှ အချို့ရက်များမှာ တိကျသော ရက်စွဲကို အများသဘောတူ ကိုက်ညှိရန် ခက်ခဲနေသည်။

အဆိုပြုလိုသည့် နေ့ကို ရွေးချယ်ရာတွင် “ရာသီဥတုသာယာ ကောင်းမွန်သောနေ့နှင့် အောင်ပွဲခံနေ့
ဖြစ်ရမည်” ဟူသော အချက်များကို အဓိကထား ထည့်သွင်းစဉ်းစားရန်လိုကြောင်းကို ကော်မတီက မူဝါဒ ချထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။