Tuesday, March 19, 2013

လစာနောက် ကုန်ဈေးနှုန်းလိုက်မည်ကို ပြည်သူများမလိုလား


အစိုးရ၀န်ထမ်းများအား ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍရေးနှစ်မှစတင်၍လစားတိုးမြှင့်ပေးခြင်းနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက် လာမည်ကိုစိုးရိမ်ပူပန်နေကြောင်း ပြည်သူများထံမှ သိရှိရသည်။

"လစာတိုးမြှင့်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် လစာတိုးပြီးကုန်ဈေးနှုန်း လိုက်တက်လာမယ်ဆိုရင်လည်း ဘာမှမထူးပါဘူး။အရင် အတိုင်းပါပဲ။"ဟု အစိုးရ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဥမ္မာက ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် လာမည့် ဘဏ္ဍရေးနှစ်မှစတင်၍ အစိုးရ၀န်ထမ်းများအားလစာ တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း မတ်လ (၁၂)ရက်နေ့က ပြုလုပ်ခဲ့သောဘဏ္ဍရေးကော်မရှင် အစည်းအဝေးတွင် ပြောကြားမှုအပေါ် တွင် ပြည်သူတို့ကစိုးရိမ်နေခြင်းဖြစ်သည်။

အစိုးရ၀န်ထမ်းများ၏ လစာငွေ အသုံးစရိတ်အား ယခင်နှစ်များမှ သုံးစွဲခဲ့သောအသုံးစရိတ်ထက် ကျပ် ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း၊နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးငွေများအား တစ်ဆင့်ထက် တစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ ပေးပို့ထားသည့်   နိုင်ငံတော် သမ္မတ၏ နှစ်သစ်ကူးသ၀ဏ်လွှာတွင်ဖော်ပြထားသည်။

နိုင်ငံတော်အနေဖြင့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသော်လည်း အောက်ခြေစီးပွားရေးလုပ်ငန်းများ အထိ ထိရောက်မှုမရှိကြောင်း၊ ၀န်ထမ်းများလစာတိုးမြှင့်တိုင်း ကုန်ဈေးနှုန်းမြင့်တက်လာတက်ပြီး ကုန်ဈေးနှုန်းသည် လူတန်းစား အသီးသီးထိ သက်ရောက်ခြင်းကြောင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

"လူတွေမှာ စားဖို့သောက်ဖို့က အဓိကလေ။ အဲဒါတွေအတွက် ကုန်ဈေးနှုန်းကိုအဓိကချပေးရမှာ အဲဒါကိုမချပေးပဲနဲ့ လခတွေတိုးပေးတယ်ဆိုတာတော့မှန်ကန်မူ မရှိဘူး။"ဟု အထက်တန်းရှေ့နေ ဦးခင်မောင်အေးက ပြောသည်။

ဝန်ထမ်များကို လစာတိုးပေးခြင်းကြောင့် လာဘ်ပေးလက်ယူကိစ္စများလျော့ပါးသွားနိုင်သော်လည်း ကုန်ဈေးနှုန်းမြင့် တက်လာနိုင်ခြင်းကြောင့်ငွေကြေးဖောင်းပွလာနိုင်ကြောင်း၊ လစာတိုးမြှင့် ပေးခြင်းထက်အခြေခံလူတန်းများ၏ လိုအပ်ချက်များဖြစ်သော ကျန်းမာရေး ပညာရေးကဏ္ဍများ ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ကြောင်း၊ လစာတိုး   မြှင့်ခြင်းကြောင့်တက်လာနိုင်သည့် ကုန်ဈေးနှုန်းအား ထိန်းညှိပေးနိုင်ရန်ကြိုတင်ပြင်ဆင်သင့်ကြောင်း ၄င်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။