Thursday, December 6, 2012

HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆတိုးမြှင့်ရန်လို

 မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးဖြန့်ဝေမှုမှာ  ၄၀ ရာခိုင်နှုန်းရှိရာမှ လာမည့်နှစ်နှစ်အတွင်း  နှစ်ဆ ထပ်မံတိုးမြှင့်ပေးသင့်သည်ဟု  နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် World AIDS Day အခမ်းအနားတွင် ဒေါက်တာစိန်စိန်သိန်းက အကြံပြုပြောကြားခဲ့သည်။

 

 

၂၀၁၅ခုနှစ်တွင် ဆေးဖြန့်ဝေပေးမှု ၂ဆ တိုးမြှင့်ပေးရန်အတွက် လိုအပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင် များစွာရှိသည့်အနက်မှ ဆေးမရရှိသေးသူ တစ်သိန်းနှစ်သောင်းခန့် ရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

 

 

"ဘာကြောင့်ဆေးကို ၂ဆတိုးပြီး ဆေးဖြန့်ဝေသင့်သလဲဆိုရင် ဆေးမရရှိသေးတဲ့ လူတွေ တစ်သိန်း၂ သောင်းရှိနေ တယ်၊ နှစ်စဉ်လည်း သေဆုံးတဲ့ ဝေဒနာရှင် ၂သောင်း လောက်ရှိနေလို့ အခုလိုပြောရတာပါ" ဟု ဒေါက်တာ စိန်စိန်သိန်းက ပြောသည်။

 

 

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ ၇သိန်းခန့်ရှိပြီး တစ်နေ့လျှင် (၂၁)ဦးနှုန်းဖြင့် ကူးစက်မှုခံနေရကြောင်း ၊ AIDS  ဝေဒနာရှင် များအနေဖြင့် ဆေးလုံလောက်စွာ မရရှိခြင်းကြောင့် နှစ်စဉ် (၂)သောင်းခန့် သေဆုံးလျှက်ရှိကြောင်း သိရသည်။

 

 

 HIV ကူးစက်ခံရမှုများတွင် ရာခိုင်နှုန်းအများစုမှာ မူးယစ်ဆေးအား အကြောထဲသို့သုံးစွဲခြင်းဖြင့် (၄၃)ရာခိုင်နှုန်း ၊ ပြည့်တန်ဆာမှ (၃၂)ရာခိုင်နှုန်းအထိရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

 

 

"ရှမ်းပြည်နယ်မှာ HIV ကူးစက်မှု အများဆုံးဧရိယာထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်၊ ယနောင်းတို့ မယ်ဆိုင်တို့ ထွက်သွားတဲ့ တိုင်းရင်းသူတွေ ရွှေလီတို့ ကြယ်ခေါင်တို့ဖြတ်သွားတဲ့ တိုင်းရင်းသူ တွေဟာ ငွေကိုလွယ်လွယ်ရှာတတ်နေပြီဖြစ်တယ် ၊ " ဟု ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသူတစ်ဦးက ပြောသည်။

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်၌ ဒီဇင်ဘာ (၁)ရက်နေ့က World AIDS Day အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၀၀ခုနှစ်တွင် ကမ္ဘာပေါ်၌ HIV ကူးစက်ခံရမှုနှုန်းမှာ ၃၆.၁ သန်းရှိကြောင်း ၄င်းထဲတွင် အာရှပစိဖိတ် နိုင်ငံများမှာ ကူးစက်ခံရမှုနှုန်း ၇၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း အင်တာနက်ဝက်ဆိုက်ဒ်များမှ ဖော်ပြချက်များအရ သိရှိရသည်။

 

 

 

ကမ္ဘာပေါ်တွင် HIV ကူးစက်မှု အမြင့်မားဆုံးနိုင်ငံများ၌ မြန်မာနိုင်ငံသည် တတိယအဆင့်၌ ရှိနေပြီး ပထမအဆင့်တွင် ကမ္ဘောဒီးယား ၊ ဒုတိယတွင် ထိုင်းနိုင်ငံတို့ဖြစ်သည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။