Thursday, December 6, 2012

သဘာဝဘေးသင့် ဒေသများသို့ ရေသန့်ဆေးထုပ်များ ဖြန့်ဝေလှူဒါန်းဦးမည်

မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ မသန့်ရှင်းသောရေကို သောက်သုံးနေရသည့် ဒေသများသို့ P&G နှင့် World Vision မှ ပူးပေါင်း၍  P&G ရေသန့်ဆေးထုပ်များဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်သည်။

 

 

 

အဓိကအားဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲပြဿနာများကြောင့် ကျန်းမာရေးနှင့်  ညီညွတ်သည့် သောက်ရေသန့်မရရှိနိုင်သော ဒေသများအား ကူညီရန် ရည်ရွယ်ကာ Procter& Gamble(P&G)မှ ၄င်း၏ဆုတံဆိပ်ရ   ရေသန့်စင်နည်းအား ပြည်တွင်း၌ မိတ်ဆက်ရန်အတွက် World Vision အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

 

 

P&G ရေသန့်ဆေးထုပ်တွင် ဆေးမှုန့် ၄ ဂရမ်ပါရှိပြီး ညစ်ညမ်းရေ (၁၀)လီတာကို သောက်ရေအဖြစ် လျှင်မြန်စွာ သန့်စင်ပေးနိုင်ပြီး ကာလ၀မ်းရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုး၊ အသည်းရောင်ရောဂါ ဖြစ်စေသည့်ဗိုင်းရပ်ပိုးများနှင့် ညစ်ညမ်းရေ Protozoaများအား သန့်စင်သည်အထိ ဖယ်ရှားနိုင်ကြောင်း  P&G မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

 

"ကျွန်တော်တို့ကျေးရွာတွေ ဆင်းကြည့်တဲ့အခါ သဘာဝဘေးအန္တရာယ် မကြုံတွေ့ရရင်တောင် ပုံမှန်အခြေ အနေမှာဘေးအန္တရာယ် ကင်းရှင်းတဲ့ သောက်ရေ ကလိုအပ်တယ်၊ အဲ့ဒါကိုဘယ်လိုအထိ ရောက်ဆုံး လုပ်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖို့ ဒီကိုလာ ခဲ့တာပါ နေရာဒေသကို ဘယ်နေရာ ဘယ်ဒေသရယ်လို့အတိ အကျမသတ်မှတ်ရသေးပါဘူး၊ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အပေါ်မှာ မူတည်တယ်၊ နွေရောက်ရင် ရေအခတ်အခဲရှိတဲ့ဒေသ အတိုင်းအတာကိုကြည့်ပြီး ရေသန့်စင်ဆေးထုပ် ဘယ်လောက်ဖြန့်ဝေပေးရ မယ်ဆိုတာမသိသေးပါဘူး "ဟု CDW (Children Safe Drinking Water )Procter&Gamble မှ Director Dr Greg Allgoodမှ ပြောသည်။

 

 

မြန်မာနိုင်ငံတွင်ရေနှင့်ပတ်သက်၍ တိကျသောမူဝါဒမရှိဘဲ နိုင်ငံအဆင့် သောက်ရေစံနှုန်း သတ်မှတ်ထားခြင်း မရှိကြောင်းနှင့်   ရေအရည်အသွေးကိုဆန်းစစ်ရာတွင် ရေတွင်းရေကန်များအတွင်းရှိရေမှာ မစင်တွင်တွေ့ရ တတ်သည့်ပိုးမွားများနှင့် ညစ်ညမ်းနေသည်ကိုတွေရှိရကြောင်း ယူနီဆက်မြန်မာနှင့်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့၏ မြန်မာနိုင်ငံကလေးသူငယ်များ အခြေအနေသုံးသပ်ချက် အစီရင်ခံစာအကျဉ်း အရ သိရသည်။

 

 

"P&G နဲ့ World Visionက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေမှာ၊ လိုအပ်ချက်ရှိတဲ့နေရာတွေမှာပေးဖို့ရှိပါတယ်   နောက်ဆုံးအနေနဲ့ မြစ်ဝကျွန်းပေါ် ရေကြီးတဲ့နေရာတွေမှာ ရေသန့်စင်ဆေးထုပ်ပေးခဲ့ပါတယ်။အခုလတ်တလောကတော့   ဘေးဒုက္ခဖြစ်တဲ့နေရာတွေကို ဖြန့်ဝေသွားဖို့ရှိ တယ်" ဟုWorld Vision ဒါရိုက်တာ ဦးဝင်းဇင်ဦးမှ ပြောသည်။

 

 

၂၀၀၈ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် P&Gမှ သောက်ရေသန့်လီတာပေါင်း ၂၅ သန်းကျော်အား စင်ကာပူနိုင်ငံမှ World Visionနှင့်ပူးပေါင်းကာကူညီထောက်ပံခဲ့ပြီး CSDW မှမြန်မာနိုင်ငံတွင် နောင်ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရေသန့်စင်ထုပ်ပေါင်း၎.၅ သန်းကို မြန်မာနိုင်ငံ World Vision သို့ ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

 

 

P&G နှင့် World Vision တို့ပူးပေါင်းကာ ရေသန့်စင်ထုပ် (၁၀)သန်းကို ရေကြီးနစ်မြုပ်ဒဏ်ခံရသော သာပေါင်း   ကျေးရွာ(စက်တင်ဘာ-၂၀၁၂)၊၊ ကော့သောင်း(ဇွန်-၂၀၁၂)၊ထားဝယ်၊လောင်းလုံ၊သရက်ချောင်း(ဧပြီ-၂၀၁၂)လွိုင်ကော်   (စက်တင်ဘာ-၂၀၁၁)၊ ဘားအံ (ဇူလိုင်- ၂၀၁၁)  အတွင်းက ထောက်ပံလှူဒါန်းခဲ့ကြောင်းကိုလည်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။