ကချင်ပြည်နယ် မြစ်ကြီးနားခရစ္စမတ်ပွဲတော်ရက်အတွက် ဒေါ်အောင်ဆန်းစုကြည်ဟု ခေါ်သည့် ကချင်မိတ်အထည်အား ပွဲတော်ဝတ်ရန် အော်ဒါမှာယူမှုများပြားနေကြောင်း အထည်ဈေးကွက်အတွင်းက သိရသည်။
အဆိုပါ အထည်မှာ မြစ်ကြီးနားဈေးကွက်အတွင်း အောက်တိုဘာလအတွင်းက စတင်ရောင်းချလာခြင်းဖြစ်ပြီး လူလတ်ပိုင်းနှင့်သက်ကြီးပိုင်း အမျိုးသမီးများနှစ်သက်သည့် အဆင်တစ်ခု ဖြစ်လာသည်။
"ဒီအထည်က ရမ်ပူရက်ကန်းရုံမှာ အော်ဒါမှာ ထားလို့ရက်နေတယ်။ တစ်မြို့လုံးမှာ ငါးထည်ပဲရှိသေးတဲ့အထည်ပါ။"ဟု ရက်ကန်းရုံ (၂၁) ရုံပိုင်ရှင် ဒေါ်ဂျာရွယ်ဂျားက ပြောသည်။
၎င်း ဒေါ်အောင်ဆန်းစုကြည် အထည်တစ်ထည်လျှင် ကျပ် (၇) သောင်းခွဲ ရှိပြီး၊ (၅) ရက်ကြာ အနည်းဆုံးရက်လုပ်ရကာ တစ်လလျှင် (၆)ထည်သာ ရက်နိုင်သည့် အဆင်ဆန်းတစ်ခုလည်း ဖြစ်သည်။
အဆိုပါ အထည်တွင် အုန်းခွံ၊ ဆင်စွယ်၊ အုတ်ကျိုး၊ ငုဝါ၊ စိမ်းရင့်၊ နုစိမ်း၊ ပန်းရင့်၊ ချောကလတ်ရောင်၊ ငှက်ခါးပြာ စသည့် အရောင် (၉) ရောင်ပါဝင် ရက်လုပ်ထားပြီး အောက်ခံ ကချင်ခခူး ကွင်းကျဲ ဇီးရောင် နှင့် ဘဲခေါင်းစိမ်းရောင် နှစ်ရောင်ကို ခံကာ ချိတ်ဒီဇိုင်းဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အကွက် အထည်သည် အသက် (၅၀) ၀န်းကျင်အရွယ် အမျိုးသမီးများ အကြိုက် အဆင်ဖြစ်ပြီး မရိုးနိုင်သော ကချင်ချိတ်ပုံစံ တစ်မျိုးဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရမ်ပူရပ်ကွက်တစ်ခုတည်းတွင်သာ ရက်ကန်းရုံ (၃၀၀)ခန့် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ခဲ့သည့် ကချင်အထည်အကွက်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည်အဆင်ဟု ခေါ် ဆိုခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။