Sunday, December 2, 2012

မြန်မာ-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ မှန်းထား


  မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ သန်း ၅၀၀ ထိ ရောက်ရှိာလာစေရန် နှစ်နိုင်ငံ သမ္မတများက ကတိပြုခဲ့ကြသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ် သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးတို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ စီးပွါးရေးလုပ်ငန်းများအတွက် တနိုင်ငံစီတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အခွင့်သာသည့် ပတ်ဝန်းကျင်အခြေအနေကောင်းများကို ဆက်လက် ဖန်တီးပေးခြင်းဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် စီးဝင်လာစေရန် နှစ်နိုင်ငံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ အခြားစီမံကိန်းများအတွက် လိုင်စင်များ တိုးမြှင့်ထုတ်ပေးရန်နှင့် တချိန်တည်းမှာပင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် လိုင်စင်ထုတ်ပေးထားပြီးသည့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလျှင်အမြန် ဆောင်ရွက်ကြရန် ခေါင်းဆောင်နှစ်ဦးတို့က တောင်းဆိုခဲ့ကြသည်။

စိုက်ပျိုးရေး၊ စက်မှုသီးနှံစိုက်ပျိုးရေး၊ ရေချိုငါး မွေးမြူရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ကြေးနန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း စသည်တို့ ကဲ့သို့သော အလားအလာရှိသည့် ကဏ္ဍများတွင် တိုးတက်မှု အသစ်များ ရရှိနေခြင်းအပေါ် ကျေနပ်မူရှိကြောင်း သမ္မတများက ထုတ်ဖော်ပြောကြားသည်။

မဲခေါင်မြစ် ကော်မရှင်၏ အရေးပါမှု၊ အထူးသဖြင့် တနိုင်ငံစီ၏ အကျိုးစီးပွါးနှင့် ဒေသတွင်း အကျိုးစီးပွါးအတွက် မဲခေါင်မြစ်၏ ရေအရင်းအမြစ်များကို စီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် သုံးစွဲမှုတို့တွင် မဲခေါင်မြစ်ကော်မရှင်၏ အရေးပါမူကို သဘောတူညီခဲ့သည်။

(မဇ္ဈိမ)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။