
အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ဝင်ခွင့်အနိမ့်ဆုံး အမှတ်စာရင်း ကြည့်ရှုနေကြသူများကို တွေ့ရစဉ်
ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၏ အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များမှာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ၏ အနိမ့်ဆုံး ဝင်ခွင့်ပြုရမှတ်များထက် အမြင့်ဆုံးနေရာ၌ ရှိနေကြောင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှု အခြေအနေပြဇယားပါ အချက်အလက်များအရ သိရှိရပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) သို့ အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များမှာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရခဲ့သည့် အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များထက်ပင် ပိုမိုနေကြောင်း သိရှိရပါသည်။
“ဒီနှစ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြတဲ့အခါ အဆင့်မြှင့်တင်ပြီး လူဦးရေလည်း ကန့်သတ်ထားတဲ့ နည်းပညာတက္ကသိုလ်ကို စိတ်ဝင်တစား လျှောက်ထားကြတဲ့သူတွေ များပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်က ကျောင်းသားကျောင်းသူအများစု စိတ်ဝင်စားကြတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ စနစ်ဟောင်းက အင်ဂျင်နီယာ ပညာရေးမှာတုန်းကလည်း နည်းပညာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရမှတ်ကို ၃၂၀ နဲ့အထက်လို့ သတ်မှတ်ပြီး ခေါ်ခဲ့ကြပေမယ့် အမှတ် ၅၀၀ ကျော် တွေလည်း ဝင်လျှောက်ပြီး တက်ခဲ့ကြတာပါပဲ။ ဝင်ခွင့်အမှတ်စာရင်းတွေ စိစစ်ရွေးချယ်တဲ့အခါမှာ လျှောက်ထားတဲ့သူ အရေအတွက်အလိုက် အမှတ်စာရင်းကို အမြင့်ဆုံးကနေစစီပြီးတော့ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်တဲ့အထိ စိစစ်ရွေးချယ်သွားရတာပါ။ အမှတ်များများရထားတဲ့သူတွေ စိတ်ဝင်စားမှုအများဆုံး ရွေးချယ်လျှောက်ထားကြတဲ့ တက္ကသိုလ်တွေရဲ့ အမှတ်က ပိုများသွားတာပါ” ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာ ဦးစီးဌာန-အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
“ဒီနှစ်မှာ ရန်ကုန်အဆင့်မြင့် နည်းပညာတက္ကသိုလ်ကို အမှတ်များတဲ့ ကျောင်းသားအများစု အဓိကဦးစားပေး ရွေးချယ်လျှောက်ထားကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အထူးပြုဘာသာရပ်အသီးသီးအတွက် ပထမနှစ်သင်တန်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား သက်မွေးဝမ်းကျောင်းတက္ကသိုလ်အချို့မှ ၀င်ခွင့်ပြုသည့် အမှတ်စာရင်း
တက္ကသိုလ်အမည် | အနိမ့်ဆုံးဝင်ခွင့်ရမှတ် | |
ကျား | မ | |
ဆေးတက္ကသိုလ် | ၄၉၀ | ၅၀၈ |
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ | ၄၆၉ | ၅၀၁ |
ဆေးဝါးတက္ကသိုလ်များ | ၄၆၇ | ၄၆၇ |
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ | ၄၅၉ | ၄၅၉ |
ရန်ကုန်နည်းပညာတက္ကသိုလ်(အဆင့်မြင့်) | ၅၀၀ | ၅၀၄ |
မန္တလေးနည်းပညာတက္ကသိုလ်(အဆင့်မြင့်) | ၄၈၅ | ၄၉၇ |
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) | ၄၇၃ | ၄၇၃ |
မန္တလေးကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) | ၄၅၀ | ၄၅၀ |
နည်းပညာတက္ကသိုလ်များ | ၃၆၀ | ၃၇၀ |
ကွန်ပျူတာတက္ကသိုလ်များ | ၃၆၅ | ၃၆၅ |
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) | ၄၆၇ | ၄၇၀ |
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် | ၄၈၇ | ၄၉၇ |
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် | ၄၅၀ | - |
ရန်ကုန်စီးပွားရေးတက္ကသိုလ် | ၃၈၃ | ၃၈၃ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ) | ၄၉၂ | ၄၉၂ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ) | ၄၆၉ | ၄၆၉ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(တရုတ်) | ၄၆၆ | ၄၆၆ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ပြင်သစ်) | ၄၅၈ | ၄၅၈ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ကိုရီးယား) | ၄၅၅ | ၄၅၅ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျာမန်) | ၄၅၃ | ၄၅၃ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ထိုင်း) | ၄၄၇ | ၄၄၇ |
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ရုရှား) | ၄၃၇ | ၄၃၇ |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။