Sunday, December 2, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား ဖြိုခွင်းပြီးနောက် နှစ်ရက်အကြာတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပေါ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ၂ ရက် အကြာ၌ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆားလင်းကြီးမြို့နယ် တုံရွာထိပ်၌ ပြုလုပ်ခဲ့ပြီး ဒေသခံလူအင်အား ၅၀၀ ခန့်က ဆားလင်းကြီးမြို့နှင့် ညောင်ပင်ကြီးမြို့နယ်သို့သွားရာ လမ်းဘေးဝဲယာတစ်လျောက်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒဖော်ထုတ်မှုမှာ ၁ နာရီခန့် ကြာချိန်တွင် လူစုခွဲသွားခဲ့ကြကြောင်း သိရှိရပါသည်။

''ဒီနေ့ဆန္ဒပြဖြစ်တဲ့ အကြောင်းအရင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းသွားဖို့ရာနဲ့ ဆန္ဒဖော်ထုတ်တဲ့သူတွေကို ဖမ်းဆီးထားတာ ပြန်လွှတ်ပေးဖို့ရာ အတွက်ဖြစ်ပါတယ်။   ဆန္ဒပြသူတွေထဲမှာ သပိတ်စခန်းတွေကို ဖြိုခွင်းခံရတုန်းက ထိခိုက်ဒဏ်ရာရတဲ့သူတွေပါ ပါဝင်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
ဆန္ဒပြမှု ဖြစ်ပေါ်ရာနေရာသို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့် (လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါဝင်သူ) လာရောက်ခဲ့ရာတွင် မီဒီယာအချို့မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများ ဖြိုခွင်းခံရမှု၊ ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ''လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကိုတော့ အကြမ်းမျဉ်း သိထားပါတယ်။ လက်ရှိအခြေအနေတွေကို မြင်နေ ကြားနေရပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြောင်းကို လွှတ်တော်မှာ အဆိုမတင်သွင်းခဲ့တာကလည်း ဒီစီမံကိန်းက ဥပဒေတွေနဲ့အညီ လုပ်နေတယ်ဆိုတာ ကျွန်တော်သိထားလို့ပါပဲ။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးဘူး။ ဒါကြောင့် ကျွန်တော် မတင်သွင်းတာဖြစ်ပါတယ်။    ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် တင်သွင်းခဲ့တဲ့ အဆိုကိုလည်း ဘယ်လိုမှ ထင်မြင်ချက် မပေးလိုပါဘူး။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်လိုမှ မမြင်ပါဘူး။ ဒုတ်နဲ့ရိုက်တာကို ကျွန်တော်မမြင်ဘဲနဲ့ ဒုတ်နဲ့ရိုက်တယ်လို့ ကျွန်တော်မစွပ်စွဲနိုင်ဘူး။ အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာက ဥပဒေနဲ့အညီ စစ်ကြပါလိမ့်မယ်။ ဒီနေ့ ဆန္ဒထုတ်ဖော်ကြတာကတော့ စီတန်းလှည့်လည်ခွင့်နဲ့ သက်ဆိုင်တဲ့ ဥပဒေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်'' ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။