Sunday, December 2, 2012

 စွမ်းအင်ဝန်ကြီးဌာနမှ မကွေးမြို့နယ်အတွင်း သိမ်းယူခဲ့သော ယာမြေတစ်ဝက်ကျော်ကို ပြန်လည်ပေးအပ်ရန် ညှိနှိုင်းခဲ့သော်လည်း မူလပိုင်ရှင်တောင်သူများက အပြည့်အ၀ ရယူလိုကြောင်း ပြန်လည်တင်ပြ


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ပဌနဂိုရ် မြန်မာ့ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်း တိုးချဲ့စီမံကိန်းအတွက် မကွေးမြို့နယ် ဘုရားကုန်းကျေးရွာ ပေပင်စမ်းကျေးရွာနှင့် မြစ်သာစည်ကျေးရွာတို့မှ တောင်သူ ၄၁ ဦး၏ ယာမြေ ၁၆၇ ဒသမ ၂၁ ဧက သိမ်းယူထားသည့်အနက် ၁၀၄ ဒသမ ၅ ဧက အား မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ရန် နိုဝင်ဘာလ ၁၆ ရက်နေ့က ခေါ်ယူညှိနှိုင်းခဲ့သော်လည်း မူလပိုင်ရှင် တောင်သူများက သိမ်းယူခံခဲ့ရသော ယာမြေဧကအားလုံး အပြည့်အ၀ ရယူလိုကြောင်း ပြန်လည်တင်ပြခဲ့သည်ဟု သိရသည်။

စွမ်းအင်ဝန်ကြီးဌာနမှ အဆိုပါ စီမံကိန်းအတွက် ယာမြေများကို ၁၉၈၄ ခုနှစ်က သိမ်းယူခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ်တွင် အဆိုပါစီမံကိန်း ရပ်ဆိုင်းခဲ့ပြီး ၁၉၈၉ ခုနှစ်၌ သိမ်းယူထားသော ယာမြေများပေါ်တွင် ဆောက်လုပ်ထားသည့် ဆီလှောင်ကန်များ၊ ရုံးအဆောက်အအုံများကို ဖျက်သိမ်းသွားခဲ့ကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှစ၍ စွမ်းအင်ဝန်ကြီးဌာန ပဌနဂိုရ်ရုံးမှ ၀န်ထမ်းများက သိမ်းယူထားသော ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုး လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်မှစ၍ မူလပိုင်ရှင် ၄၁ ဦးအား တစ်နှစ်လျင် ကျပ်တစ်သောင်းနှုန်းဖြင့် တစ်ဦးတစ်ဧကစာ စိုက်ပျိုးခွင့်ပြုခဲ့ပြီး ကျန်သောယာမြေများပေါ်တွင် အဆိုပါ ၀န်ထမ်းများကပင် ၂၀၁၁ ခုနှစ်အထိ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်း၊ ယခု ၂၀၁၂ ခုနှစ်တွင် ထိုကဲ့သို့ ၀န်ထမ်းများမှ စိုက်ပျိုးလုပ်ကိုင်မှု မရှိတော့ကြောင်း၊ စီမံကိန်းဖျက်သိမ်း၍ မြေလွတ်မြေလပ်ဖြစ်ခဲ့သော ယာမြေများအား မူလပိုင်ရှင် တောင်သူများထံ ပြန်လည်လွှဲပြောင်း စိုက်ပျိုးခွင့်ပြုပါရန် သိမ်းဆည်းခံ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌထံ စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် တောင်သူ ၄၁ ဦးက မေတ္တာရပ်ခံ တင်ပြခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ပဌနဂိုရ်ရုံး အစည်းအဝေးခန်းမတွင် သိမ်းဆည်းခံ တောင်သူ ၄၁ ဦးအား မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ဦးဆောင်၍ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာန၊ ဥပဒေဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဌာနတို့မှ တာဝန်ခံတစ်ဦးစီ ပါဝင်သော ကော်မရှင်အဖွဲ့မှ သိမ်းဆည်းထားသော ယာမြေများအနက် ဧက ၆၀ ကျော်မှာ အဆောက်အဦနှင့် လမ်းမြေအဖြစ် သတ်မှတ်ထားသောကြောင့် ၁၀၄ ဒသမ ၅ ဧကကိုသာ လက်မှတ်ထိုးယူရန် ညှိနှိုင်းခဲ့ကြောင်း၊ သိမ်းဆည်းခံ တောင်သူများမှ အဆောက်အဦနှင့် လမ်းမြေအဖြစ် သတ်မှတ်ထားသော ဧက ၆၀ ကျော်ပေါ်တွင် ယခင်စွမ်းအင်ဝန်ကြီးဌာန ၀န်ထမ်းများမှ စိုက်ပျိုးလုပ်ကိုင်ခဲ့သောကြောင့် ၄င်းတို့ မူရင်းပိုင်ရှင်များအားလည်း အပြည့်အ၀ ပြန်လည်လုပ်ကိုင်ခွင့်ပြုပါရန် တင်ပြခဲ့သည်ဟု သိရသည်။
အဆိုပါ သိမ်းဆည်းခံတောင်သူ ၄၁ ဦးက စွမ်းအင်ဝန်ကြီးဌာနမှ အဆောက်အဦနှင့် လမ်းမြေဟု သတ်မှတ်ထားသော ဧက ၆၀ ကျော်ကို စနစ်တကျ တိုင်းတာပေးပါရန်နှင့် သိမ်းဆည်းခံခဲ့ရသော ယာမြေများ အပြည့်အ၀ ပြန်လည်လုပ်ကိုင်ခွင့် ရလိုကြောင်း စုပေါင်းလက်မှတ်ထိုး၍ နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြထားကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။