Sunday, December 2, 2012

ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား ထွက်ချိန်မမှန်ခြင်းများရှိနေ



thn-2-12-12-4
အခြေခံလူတန်းစားအလွှာမှ အဓိကအားထားနေရသော မြို့ပတ်ရထား စီးနင်းမှု မြင်ကွင်းတစ်ခု
ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား အချိန်မမှန်ခြင်းများ ရှိနေကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(ဒုတိယနေ့)တွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း မေးမြန်းသော မေးခွန်းအရ သိရှိရသည်။

ယင်းနေ့တွင် ဒေါက်တာညိုညိုသင်းက ''အခုအခါမှာ  ရန်ကုန်တိုင်းဒေသကြီးမှာ  အခြေခံလူ တန်းစားများအားထား စီးနင်းနေရတဲ့ မြို့ပတ်ရထားများဟာ မကြာခဏ ပျောက်ဆုံးလျက်ရှိပါတယ်။ နှစ်စင်းပေါင်းသော်လည်းကောင်း၊ သုံးစင်းပေါင်းသော်လည်းကောင်း၊ ရန်ဖန်ရံခါပြေးဆွဲတာကို တွေ့ရပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီမှ ၆ နာရီအထိ ထွက်ရမဲ့ ရထားသုံးစင်းဟာ နောက်ဆုံးရထားသာလျင် ထွက်ပေးပါတယ်။နောက်အထောက် အထားတစ်ခုကတော့ ရန်ကုန်မြို့ကို အမေရိကန်သမ္မတ အိုဘားမားလာ စဉ်က ရထားနှစ်စင်းပျောက်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ အတိအလင်း ဖော်ပြထားပါတယ်။ အခု လိုမျိုး အခြေခံလူတန်းစားများ အားထားနေရတဲ့ မြို့ပတ်ရထားခရီးစဉ်တွေ  မကြာခဏပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ရထားတွေ အချိန်မှန်မှန်နဲ့ မြန်မြန်ပြေးဆွဲဖို့ရယ်၊ ဒီလို ခရီးစဉ် ပျောက်ဆုံး ရထားကိစ္စတွေကို ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာ သိရှိလိုပါတယ်''ဟု မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုအား ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြီးခဲ့ သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် တိုးကြောင်ကလေး လမ်းပိုင်းပြေးဆွဲသော ရထားအမှတ် ဏ/၇ နှင့် ဘ/၇ ရထားနှစ်စင်းကိုသာ ခရီးစဉ်ဖျက်သိမ်းခဲ့ရပြီး ကျန်ရထားအားလုံး ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း၊ ယင်းရထားနှစ်စင်း ဖျက်သိမ်းခဲ့ရသည့်အကြောင်းမှာ တိုးကြောင်ကလေး-ဒဂုံလမ်းပိုင်းအနီး လမ်း ချော်သဖြင့်ကွင်းဆက် ရထားခရီးစဉ်များအား ဖျက်သိမ်းခဲ့ရခြင်း ဖြစ်ပါကြောင်း၊  ရန်ကုန်မြို့ပတ်ရထား များပြေးဆွဲမှုအနေဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြေးဆွဲရန်သတ်မှတ်ထားသည့် သတ်မှတ်ရထားခေါက်ရေ ၆၂၀၀ မှ ၆၁၇၅ ခေါက်ပြေးဆွဲပြီး ၂၅ ခေါက် ဖျက်သိမ်းခဲ့ရကြောင်း၊  အကြောင်းရင်းများမှာ ရထားဘီး ချော်မှုနှင့် စက်ခေါင်းချွတ်ယွင်းမှုတို့ကြောင့် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။                                      
ရန်ကုန်မြို့၌ မြို့ပတ်ရထား ပြေးဆွဲမှုအနေဖြင့် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီမှ ၆ နာရီ အတွင်း ရန်ကုန်မှ-အင်းစိန်လမ်းပိုင်းသို့ ရှစ်စင်း၊ ရန်ကုန်မှ-မင်္ဂလာဒုံ လမ်းပိုင်းသို့ လေးစင်း၊ ရန်ကုန်မှ-တိုးကြောင်ကလေး လမ်းပိုင်းသို့ ငါးစင်းအား သတ်မှတ် အချိန်စာရင်းများအရ  ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။