Wednesday, November 28, 2012

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်နေသူများမှ အချက်သုံးချက်ပါသော တောင်းဆိုမှုအား တာဝန်ရှိသူများထံ ပေးပို့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများမှ စီမံကိန်း ဧရိယာအတွင်း တာဝန်ယူထားသော ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေး တာဝန်ရှိသူများထံသို အချက်သုံးချက် ပါသည့် တောင်းဆိုချက် ကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်တွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်ကို သံဃာထုနှင့် ပြည်သူများ၏ ဆန္ဒအရ လုံးဝ လက်ခံမည် မဟုတ်၊ ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များအကြား တင်မားမှု ဖြစ်အောင် စီစဉ်သူများမှာ ဦးပိုင်ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် ဦးပိုင်ကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း၊ ၂၀၁၃ ခုနှစ် မတ်လတွင် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ထွက်ရှိလာမည့် EIA နှင့် SIA ကြေညာချက် မထုတ်ပြန်မီအချိန်အထိ လက်ပံတောင်းတောင် စီမံကိန်းကို လုံးဝရပ်ဆိုင်းထားရန် အစရှိသည်တို့ ပါဝင်ခဲ့သည်။ 

အဆိုပါ တောင်းဆိုချက်တွင် ပါဝင်သော အချက်များကို လက်ခံမည်ဆိုပါက သတင်းစာရှင်း လင်းပွဲလုပ်ပြီး ပြည်သူကို အသိပေးရမည် ဖြစ်ကြောင်းနှင့် ထိုသုံးချက်ကို လက်ခံသည် ဆိုပါက လက်ပံတောင်းတောင် ဆန္ဒပြသူများဘက်မှ စီမံကိန်း အတွက် သပိတ်မှောက်ခြင်းကို ၂၀၁၃ ခုနှစ်မတ်လအထိ ယာယီ ရပ်ဆိုင်းပေးထားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်များအရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆက်လက် လုပ်ဆောင်သင့်မသင့်အတွက် နိုင်ငံတော်အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီး ဖြစ်သောကြောင့် အဆိုပါကော်မရှင်အနေဖြင့် လွတ်လပ်စွာ စစ်ဆေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေသည်ကို တွေ့မြင်ရန် လိုအပ်သောကြောင့် ဆန္ဒပြမှုများ ရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဆန္ဒပြမှုများအားလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် ညွှန်ကြားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။