Wednesday, November 28, 2012

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒ ထုတ်ဖော်မှု အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင်ပြုလုပ်



281
နိုဝင်ဘာလ ၂၆ ရက်နေ့က ဆူးလေဘုရားအနီး ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီမှ ညနေ ၅ နာရီ အချိန်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ဖော်မှု ပြုလုပ်ရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန်အခြေစိုက် ပြည်သူ့အကျိုးဆောင်အဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့နှင့် အခြားလူမှုအဖွဲ့အစည်းများမှ စုစုပေါင်း လူဦးရေ ၅၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ မူလက ရန်ကုန်မြို့ရှိ ဦးပိုင်ရုံးနှင့် တရုတ်ကုမ္ပဏီရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ယင်းနေရာများတွင် အတားအဆီးများ များပြားသောကြောင့် ဆူးလေစေတီတော်အနီး မြို့တော်ခန်းမရှေ့သို့ ပြောင်းရွှေ့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရခြင်းဖြစ်ကြောင်း (ဗကသ) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်က ပြောပြခဲ့သည်။
“ကျွန်တော့်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး နံနက် ၁၀ နာရီထိုးလောက်မှာ အာဏာပိုင်တွေက ခေါ်ယူညှိနှိုင်းပါတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ပြန်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အခုလို လုပ်ရတာဟာ ပြည်သူတွေ အလိုမရှိတဲ့ စီမံကိန်းတွေ အကုန်လုံးရပ်ဆိုင်းပေးဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအ၀င်မှာ ကျင့်ဝတ်သိက္ခာနဲ့ ဒေသအကျိုးတွေ ကာကွယ်ပေးနိုင်ဖို့ ဒီဆန္ဒထုတ်ဖော်ပွဲက ရည်ရွယ်ပါတယ်” ဟု ကိုသီဟ၀င်းတင်က ဆိုပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒ ထုတ်ဖော်မှုပြုလုပ်သူများသည်  မြို့တော်ခန်းမရှေ့မှ ဆူးလေစေတီတော်အား တစ်ပတ်ပတ်ကာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် တောင်းဆိုချက်များအား ဖတ်ကြားခဲ့သည်။
ဗကသအဖွဲ့မှ ကိုမင်းသွေးသစ်က “လက်ပန်းတောင်းတောင် စီမံကိန်းဟာ တကယ်ရပ်ပစ်ဖို့လိုတဲ့ စီမံကိန်းဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂကလည်း ပူးပေါင်းပါဝင်တာပါ။ လက်ပံတောင်းတောင်နဲ့ ဆိုင်တဲ့လူ၊ ဒေသခံတွေတင် မဟုတ်ပါဘူး။ ရန်ကုန်က လူတွေကပါ သူတို့နဲ့အတူ ရှိနေတယ်။ မလိုလားဘူးဆိုတာ သိစေချင်လို့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် မဟာဗန္ဓုလပန်းခြံအား နှစ်ပတ်ပတ်ပြီးနောက် မဟာဗန္ဓုလ လမ်းမှတစ်ဆင့် သိမ်ကြီးဈေးအနီးသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး လူစုခွဲခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာတွင် “အများပြည်သူ အလိုမတူတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ချက်ချင်းရပ်” “ပြည်သူကို အကျိုးမပြုတဲ့ ဦးပိုင်ကုမ္ပဏီရဲ့ စီမံကိန်းတွေ ချက်ချင်းဖျက်သိမ်းပေး” မြန်မာ-၀မ်ပေါင်ကုမ္ပဏီတို့ တိုင်းပြည်က ချက်ချင်းထွက်” “အခွင့်ထူးခံ ခရိုနီစီးပွားရေးစနစ်ဖြင့် ပြည်သူတွေကို ဖိနှိပ်တာတွေ ချက်ချင်းရပ်” “လယ်ယာမြေ အဓမ္မသိမ်းဆည်းမှုတွေ ချက်ချင်းရပ်” ဟူသည့် စာသားများအား မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စာများရေးသား၍ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုကလည်း “အဓိက ကတော့ နိုင်ငံသူ၊ နိုင်ငံသားတွေက ဒေသတွင်းပြဿနာတစ်ခုလို သဘောထားတာ မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ ပြဿနာက တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရတွေ အနေနဲ့ ဆုံးဖြတ်ချက်တွေအတွက် အချိန်ကြန့်ကြာမှုတွေက ဒေသခံတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေတယ်။ ဒီလိုလပေါင်း၊ ရက်ပေါင်းများစွာ ဒေသခံတွေရဲ့ ပြဿနာတစ်ခုကို တိုင်းဒေသကြီး အစိုးရက အောင်မြင်အောင် မဖြေရှင်းနိုင်တဲ့အတွက် ပြည်ထောင်စု အစိုးရအဆင့်က ၀င်ရောက်လာတာကိုလည်း ကြိုဆိုတယ်။ ပြည်သူတွေ လိုလားနေတဲ့ တောင်းဆိုချက်တစ်ခုကို ဘယ်လိုများ ပြည်ထောင်စုအစိုးရက ရရှိအောင် ဖန်တီးနိုင်မလဲ ဆိုတဲ့အတွက် ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိလာရတာပါ” ဟု ပြောပြခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှု ပြုလုပ်သူများကို ဦးဆောင်သူအချို့အား ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်းနှင့် ကိုဟန်ဝင်းအောင်၊ ကိုရဲလင်းကျော်နှင့် ဒေါ်နော်အုန်းလှတို့အား နိုဝင်ဘာလ ၂၆ရက်နေ့ ညပိုင်းက ကျောက်တံတားရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းသွားသည်ဟု ဗကသအဖွဲ့မှ ကိုမင်းသွေးသစ်၏ ပြောပြချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။