Wednesday, November 28, 2012

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ နှီးနှောဖလှယ်ပွဲပြီးဆုံး

2012-11-28
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်မဆုတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (၃) ရက်ကြာ ဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
နောက်ပြန်မဆုတ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်နိုင်ဖို့အတွက် နေရာအလိုက် အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီကနေ့ အခမ်းအနားအပိတ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။


ရှမ်းတိုင်းရင်းသားတွေရဲ့ ညီလာခံအပြီးမှာ နောက်တဆင့်အနေနဲ့ တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့ ညီလာခံတစ်ခုကို ကျင်းပသွားနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီကနေ့ အခမ်းအနားမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသွားခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ရက်နေ့ကစပြီး ၃ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ ၃ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း ၄ဖွဲ့ရဲ့ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အခြေစိုက်ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း ၁၁ဖွဲ့က ကိုယ်စားလှယ်တွေ၊ မြို့နယ်ပေါင်း ၄၂မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ စုစုပေါင်း ၁၇ဝဦးလောက် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။