မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အနီးအနား ကျေးရွာလူထုတွေနဲ့ သံဃာတော်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ညတွင်းချင်း ဖယ်ရှားပေးရမယ်လို့ အာဏာပိုင်တွေက မနေ့ညက အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်း နိုဝင်ဘာ ၂၇ ရက်နေ့ ညသတင်း အစီအစဉ်တွေမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကိုတော့ ရဲတပ်ဖွဲ့တွေကလာရောက်ပြီး အင်္ဂါနေ့ည ၁၂နာရီ နောက်ဆုံးထား ရှင်းလင်းဖယ်ရှားပေးရမယ်လို့ ပြောကြားခဲ့ပါတယ်
ဒါပေမဲ့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက် ၂နာရီအထိ တစုံတရာ အင်အားသုံးလာတာမရှိသေးကြောင်း ပင်မသပိတ်စခန်းမှာရှိတဲ့ မြန်မာနိုင်ငံ ဝိဇ္ဖာ သိပ္ပံကျောင်းသားများ ကွန်ရက်တာဝန်ခံ ကိုသောင်းထိုက်က ပြောပါတယ်။
အာဏာပိုင်တွေအနေနဲ့ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့နေရာက သပိတ်စခန်းကို အဓိက သိမ်းချင်ပုံရတယ်လို့ ကိုသောင်းထိုက်က ပြောပါတယ်။
"တကယ် သူတို့သိမ်းချင်တာကတော့ ကျနော်တို့ ဒီအောက်စခန်းတွင် မဟုတ်ပဲနဲ့ အဲဒီလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ အဲဒီသပိတ်စခန်းကို သူတို့သိမ်းချင်တာပါ၊ အဲနေရာက ဘာဖြစ်လို့လဲဆိုတော့ အပ်ါကစက်ယန္တရားတွေ လည်ပတ်နေတာကို သူတို့အပေါ်သပိတ်စခန်းက မြေလာသယ်တဲ့ကားတွေ ရှေ့မှာတန်းစီ မတ်တပ်ရပ်ကာ အသေခံတာတို့ ဘူဒိုဇာတွေရှေ့ ဝမ်းလျားမှောက်ပြီးတော့လုပ်တဲ့အတွက် အပေါ်မှာရှိတဲ့စက်ယန္တရားတွေ ရပ်တန့်သွားတာပေါ့၊ သူတို့ကလိုချင်တာ အဲသပိတ်စခန်းကိုပဲ စီးချင်နေတာပေါ့၊ အဲသပိတ်စခန်း ပတ်ပတ်လည်မှာ ကင်းပုန်းကို ၃ဝဝနဲ့ ၄ဝဝ ကြား ချထားပါတယ်"
ကြေညာချက်ထွက်ပေါ်အပြီး လက်ပန်းတန်းတောင်ကိုတက်တဲ့ ပင်မဂိတ်အနီးက ပင်မသပိတ်စခန်းမှာ သပိတ်မှောက်နေသူ ဦးရေ ၅ဝလောက် ကျန်ခဲ့တယ်လို့ AP သတင်းကဖော်ပြခဲ့ပေမဲ့၊ RFA က ဆက်သွယ် မေးမြန်းချိန်မှာ ရွာသူရွာသား ၂ဝဝ ဝန်းကျင်နဲ့ သံဃာတော် (၁၅) ပါးရှိနေတယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်မြို့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြခဲ့ကြတဲ့ နော်အုန်းလှ၊ ကိုဝေဠု၊ ကိုရဲလင်း တို့အပါအဝင် ဦးဆောင်သူတချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။