Sunday, September 2, 2012

 မကွေးမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားသော DVB သတင်းထောက်၏ အမှုတွဲကို စက်တင်ဘာလ ၃ ရက်နေ့၌ တရားရုံးတင် စစ်ဆေးမည်ဟု သိရ

DVB သတင်းဌာနမှ မကွေးသတင်းထောက် ဦးဇော်ဖေ ခေါ် ဦးသူရသက်တင် အသက် ၄၀ နှစ် နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် ခေါ် ဦးဝင်းမြင့်လှိုင် အသက် ၄၁ နှစ်တို့အား ပုဒ်မ ၃၅၃ တာဝန် ၀တ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် မကွေးမြို့၊ အမှတ်(၁) ရဲစခန်း၌ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယ တိုင်းပညာရေးမှူးက အမှုဖွင့်ထားသည့်အမှုတွဲအား စက်တင်ဘာလ ၃ရက် တနင်္လာနေ့တွင် မကွေးမြို့နယ် တရားရုံးမှ စစ်ဆေးမည်ဟု သိရှိရပါသည်။

ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် အသက် ၁၅ နှစ်နှင့် ၁၈နှစ်ကြား ကျောင်းသားများ လေ့လာရေးခရီးစေလွှတ်ရန် အရည်အချင်း သတ်မှတ်မှုနှင့်ပတ်သက်၍ မေးမြန်းရန် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ပညာရေးမှူးရုံးသို့ သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယတိုင်းပညာရေးမှူးက အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါအမှုတွဲတွင် ကျောင်းသား မိဘ ဦးလှိုင်လှိုင်၏ ဖခင်တရား လွှတ်တော်ရှေ့နေ ဦးစိုးမြင့်ကိုလည်း ပုဒ်မ ၁၁၄ အား ပေးကူညီမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

''ကျွန်တော်နဲ့ ဦးလှိုင်လှိုင်တို့ သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ လောက်မှာ အာမခံရပြီးတဲ့အထိ ဦးလှိုင်လှိုင်ရဲ့ ဖခင်ကိုပါ ပုဒ်မ ၁၁၄ နဲ့ အမှုဖွင့်ထားတယ်ဆိုတာ မသိခဲ့ရပါဘူး။ ဦးစိုးမြင့်က ကားပေါ်မှာပဲ ကျန်နေခဲ့တာပါ။ ရုံးထဲကို ပါမလာပါဘူး။ တရားရုံးကိုရောက်မှပဲ တရားသူကြီးအမည်ကို သိရပါမှာပါ။ အခုတော့ ရှေ့နေကွန်ရက်အဖွဲ့နဲ့ ကြိုတင်တိုင်ပင်ထားပြီး မကွေးတိုင်းဒေသကြီး ရှေ့နေကွန်ရက်အဖွဲ့က ဦးတင်အောင်ထွန်းက အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်မှာပါ။ ရန်ကုန်က ရှေ့နေ ဦးအောင်သိန်းကလည်း လာရောက်ကူညီဖို့ ရှိပါတယ်''ဟု DVB သတင်းထောက် ဦးသူရသက်တင်က ပြောကြားသည်။

အဆိုပါအမှုသည် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက်ပိုင်း သတင်းထောက်ကို တရားစွဲသော ပထမဆုံး အမှုတွဲဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း သတင်းရယူမှုနှင့် ပတ်သက်၍ အမှုအခင်းများ များပြားလေ့ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။