Sunday, September 2, 2012

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ
မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် များကို ကမ္ဘာ့ အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်၌ အတွေ့အကြုံ အား နည်းခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အချိန်ကာလ တိုတောင်းခြင်းတို့ 
ကြုံတွေ့နေရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင် က ပြောသည်။
“အခု ပျူမြို့ဟောင်းတွေကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ပြုစုရာမှာ အချိန်ကာလ တိုတောင်းခြင်း၊ ပျူမြို့သုံးမြို့ ဖြစ်တဲ့အတွက် တင်ပြမှုတွေကို သုံးကြိမ်ပြုလုပ်ရခြင်း၊ ယူနက်စကိုရဲ့ မူအတိုင်း ရေးသားရတဲ့ အတွေ့အကြုံ အားနည်းခြင်းနဲ့ လိုအပ်တဲ့ ဒစ်ဂျစ်တယ်မြေပုံတွေနဲ့ အချက်အလက်တွေ မပြည့်စုံခြင်း၊ ဒေသခံတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းနေသေးခြင်းတို့ကို ကြုံတွေ့နေရတယ်” ဟု ဒေါ်စန္ဒာခင်က သြဂုတ်လ ၁၃ ရက်က အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းရေးအတွက် ပညာရှင်များနှင့် တတိယအကြိမ် အစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်ကပင် ယူနက်စကို လက်အောက်ခံ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးစင်တာ (World Heritage Center) အောက်ရှိ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို အဆိုပြုလွှာ တင်သွင်းထားပြီး ဖြစ်သော်လည်း နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ရောက်မှ ပွင့်လင်းလာသည့် နိုင်ငံရေး အခြေအနေအရ ပျူမြို့သုံးမြို့ကို မူကြမ်း စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ နှစ်တစ်နှစ်၏ စက်တင်ဘာလတွင် ပုံကြမ်း တင်သွင်းရသည့် ယူနက်စကို၏ မူအရ ပြင်ဆင်ချိန်တစ်နှစ်သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးပြောသွားသလိုပဲ ကျွန်တော်တို့မှာ ယူနက်စကိုနဲ့ ပူးပေါင်းပြီး လုပ်ရတဲ့ အတွေ့အကြုံ မရှိတဲ့အခါ လုပ်ငန်းအသစ် ဖြစ်တယ်။ ဘာသာ စကား ကလည်း ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ်တွေက နည်းနည်း ခြားနားမှုလေးတွေ ရှိနေတယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဘုရားပုထိုးစေတီများအနီး နေထိုင်သူများ၊ မြို့ဟောင်းများတွင် နေထိုင်သူ ဒေသခံအချို့မှာ ဘုရားပုထိုးများအား စနစ်တကျ မဟုတ်ဘဲ မိမိတို့၏ ကိုးကွယ် ယုံကြည်မှုအရ ထုံးသုတ်ခြင်း၊ ဆေးသုတ် မွမ်းမံခြင်းများကြောင့် နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော နံရံဆေးရေးပန်းချီများ ပျက်စီးခြင်း ဖြစ်ပေါ်ပြီး လယ်ယာ စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် မူလရှိရင်းစွဲ ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးများ ယုတ်လျော့လာသည်ကို ဒေသခံများကလည်း သတိပြုမိလာရန် လိုအပ်ကြောင်း တာဝန်ရှိသူများနှင့် သမိုင်းပညာရှင်များက ထောက်ပြ ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။