Sunday, September 2, 2012

ထိုင်းသို့ အလုပ်သမား စေလွှတ်ခွင့်ရ ကုမ္ပဏီများ နယ်စပ်တွင် ရုံးဖွင့်ရမည်

ရန်ကုန် (မဇ္ဈိမ)။      ။ အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့် ရသည့် ကုမ္ပဏီများ အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ရုံးခွဲများ ဖွင့်လှစ်ထားရမည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ရန်အတွက် လိုင်စင်ရ အေဂျင်စီ ၄၉ ခုကို ဝန်ကြီးဌာနက တရားဝင် လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်ပြီး ထိုင်းနယ်စပ် သို့မဟုတ် မြန်မာနယ်စပ်တွင် ရုံးခွဲ ဖွင့်လှစ်ရမည် ဖြစ်သည်။

“ဒါက ထိုင်းကို အလုပ်သမား ပို့ဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို တရားဝင် ချပေးတာပါ။ အလုပ်သမားပို့ခွင့်
ရရင် နယ်စပ်မှာ ရုံးဖွင့်ရမယ်။ ထိုင်းနယ်စပ် ဖြစ်ဖြစ် ၊ မြန်မာနယ်စပ် ဖြစ်ဖြစ်ပါ။ ကျမတို့ကတော့ ထိုင်းနယ်စပ်ရော
မြန်မာနယ်စပ်ရော ထိုင်းနယ်စပ်ရော နှစ်ခုစလုံးမှာ ဖွင့်ဖို့ စဉ်းစားထာပါတယ်” ဟု ပြည်ပ အလုပ်အကိုင် အေဂျင်စီ တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ရန်ခွင့် ရသည့် ကုမ္မဏီများသည် ယခင် တင်ထားရသည့် စပေါ်ငွေ သိန်းငါးဆယ် အပြင် နောက်ထပ် စပေါ်ငွေ သိန်းငါးဆယ်ကို ထပ်မံ တင်ထားရကြောင်း သိရသည်။ နှစ်နိုင်ငံ ညှိနှိုင်းမှုများ ပြုလုပ်ပြီး
ပါက စက်တင်္ဘာလအတွင်းတွင် စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

အလုပ်သမားတဦးအား ထိုင်းနိုင်ငံနယ်စပ်သို့ သွားရောက် စာချုပ်ချုပ်ဆိုခြင်း ပြုလုပ်ရန်အတွက် လမ်းစားရိတ်နှင့် စားစရိတ် ငွေကျပ် တသိန်း ကုန်ကျမည် ဖြစ်သည်။ ပတ်စ်ပို့ ပြုလုပ်ခြင်း၊ ဆေးစစ်ခြင်း စသည့် လိုအပ်ချက်များကို ထိုင်း အလုပ်ရှင်မှ ပြုလုပ်ပေးမည်ဟု ဆိုသည်။

ပြည်တွင်းမှ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လုပ်သားတဦး ရှာပေးခြင်းအတွက် ထိုင်းအလုပ်ရှင်မှ ဘတ်ငွေ ၃,၀၀၀ ပေးမည် ဖြစ်သည်။ အများအားဖြင့် အလုပ်လုပ်ရမည့် လုပ်ငန်းခွင်များမှာ ဆောက်လုပ်ရေး၊ အချိုရည်စက်ရုံ၊ ငါးလုပ်ငန်းနှင့် ပတ်သက်သည်များ ဖြစ်ပြီး လုပ်ခ စက်ရုံကြီးများတွင် ဖြစ်ပါက တနေ့လျှင် ဘတ် ၂၅၀ မှ ၃၀၀ အတွင်း ရနိုင်မည် ဖြစ်သည်ဟု သိရသည်။

သွားရောက်မည့် လုပ်သားများ အနေဖြင့် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆိုပြီးပါက ထိုင်းဘာသာစကား၊ ယဉ်ကျေးမှု များကို သင်ယူရမည်ဖြစ်သည်။

တရားမဝင် သွားရောက်ပါက လူကုန်ကူးမှုများ ဖြစ်မည်စိုးရိမ်ရသောကြောင့် ထိုသို့ တရားဝင် စီစဉ်ပေးရခြင်းဖြစ်
ကြောင်း သိရသည်။

“လူကုန်ကူးမှုတွေ ဖြစ်မှာစိုးတာလည်း ပါပါတယ်။ တရားမဝင် သွားတဲ့အခါကျတော့ အဲဒီလို ပြသနာတွေ ဖြစ်တယ်။ တရားဝင် လွှတ်တဲ့ အခါကျတော့ ဒီဘက်က ဝန်ကြီးဌာန ကရော၊ ကျမတို့လို ကုမ္ပဏီတွေကရော ဟိုဘက်က စက်ရုံကို သွားကြည့်မယ်။ ပြီးမှ စိတ်ချရမှ လွှတ်မှာပါ။ မဟုတ်ရင် ဟိုဘက်ပွဲစား၊ ဒီဘက်ပွဲစားတွေ ရှုပ်နေပြီးတော့ ဟိုဘက်ကို
ခေါ်သွား၊ ဟိုဘက်ရောက်မှ အလုပ်မရလို့ ဟိုဘက်မှာ တလခွဲလောက် ဘာအလုပ်မှ မရှိဘဲ နေရတဲ့ ကျမတို့ မြန်မာ
ကလေးတွေ ရှိနေပါတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။