Sunday, September 2, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများအား ကျပ်သိန်း ၂၀ လှူဒါန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးသင့်ရပ်ကွက်နှစ်ခုမှ ပြည်သူများအတွက် ကျန်းမာရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၂၀ ကို စက်တင်ဘာလ ၁ ရက်နေ့က လာရောက်လှူဒါန်းခဲ့သည်။


ပုသိမ်မြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက် ၁၁ခုအနက် အမှတ် ၁၂ ရပ်ကွက်နှင့် အမှတ် ၁၄ ရပ်ကွက် တစ်ခုချင်းစီတွင် ငွေကျပ် ၁၀ သိန်းစီ အား ရေဘေးသင့်သူများအတွက် လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

''ဘာကြောင့် နှစ်တိုင်းရေကြီး ရသလဲဆိုတာ ရပ်ကွက်အလိုက် လေ့လာဖို့ လိုတယ်။ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ ကျွန်မတို့ ကြိုးစားပြီး စီစဉ်သွားမှာဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ဥမ္မာဒန္တီလမ်းရှိ  NLD တိုင်းရုံးတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြည်သူများအား ပြောကြားခဲ့သည်။

ယနေ့ လာရောက်လှူဒါန်းခဲ့သည့် ငွေကြေးများကို ပြည်သူတို့၏ ကျန်းမာရေးနှင့် ပညာရေးအတွက် သုံးစွဲသွားမည်ဟု ၁၄ ရပ်ကွက်မှ NLD ပါတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

''ရပ်ကွက်ထဲမှာ ဆင်းရဲလို့ ခြင်ထောင်တောင် မ၀ယ်နိုင်တဲ့လူတွေ ရှိတယ်။ မိုးရာသီဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ခြင်ထောင်တွေဝယ်လှူမယ်။ နောက် ကျောင်းမတက်နိုင်ဖြစ်နေတဲ့ ကလေးတွေကို ကျောင်းစားရိတ် ထောက်ပံ့ပေးသွားဖို့ ကျွန်တော်တို့ စီစဉ်သွားမယ်''ဟု ၎င်းက ပြောသည်။

အမှတ် ၁၂ ရပ်ကွက်မှ ဒေသခံများက ရပ်ကွက်အား နှစ်စဉ်ရေလွှမ်းမိုးခံနေရသည့် အကြောင်းရင်းများနှင့် ကျန်းမာရေး၊ စီးပွားရေး အခက်အခဲများအား တင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''တာတမံ မကောင်းလို့ ရပ်ကွက် ရေလွှမ်းမိုးခံ နေရတယ်ဆိုရင် ကျွန်မတို့ဆီက ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ စေလွှတ်ပြီးတော့ ဘယ်လိုပုံနဲ့ ဆောင်ရွက်ရင် သင့်တော်မလဲဆိုတာ တိုင်းတာပြီးတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဦးဝင်းမြင့်ကို ကျွန်မတာဝန်ပေးပါမယ်''ဟု ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါရပ်ကွက်များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးခန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဥမ္မာဒန္တီလမ်းရှိ တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေသခံပြည်သူ သုံးရာကျော်အား တွေ့ဆုံ၍ မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့သို့ နံနက် ၉ နာရီဝန်းကျင်တွင် မော်တော်ယာဉ်များဖြင့် ရောက် ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပုသိမ်မြို့မှ ပြန်လည်ထွက်ခွာခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။