Wednesday, September 12, 2012

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ဖုန်းငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်ပြီ


စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ဖုန်း ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Myanmar Soft-Gate Technology Co.,Ltd. မှ Techenical Director ဦးတင်မောင်ထွဋ်က ပြောကြားသည်။  အဆိုပါ ဖုန်းငွေဖြည့်ကတ် အွန်လိုင်းမှ ဝယ်ယူသူများအနေဖြင့် Myanpay အကောင့် ထားရှိရမည် ဖြစ်ကြောင်း ၃-၉-၂၀၁၂ ရက်က သိရသည်။

“ငွေဖြည့်ကတ်တွေက GSM, CDMA 450, 800 တွေအတွက် ဖြစ်တယ်။ စက်တင်ဘာ ၁၅ ရက်နေ့လို့ သတ်မှတ်ထားတယ်။ ငွေဖြည့်ကတ်တွေကို ကျွန်တော်တို့ဆီမှာ ခဲခြစ်ပြီးသား ဓာတ်ပုံတွေကို ယူထားတယ်။ ငွေဖြည့်ကတ် လိုချင်တဲ့သူက ဝယ်ယူရင် ကုတ်နံပါတ်တွေကို SMS နဲ့ ပို့ပေးတယ်။ ဒီငွေဖြည့်ကတ်က ကုတ်နံပါတ်တွေအတွက် လုံခြုံရေးပိုင်းကတော့ Myanpay အကောင့်မှာ Security ထားရှိပြီ ဖြစ်တဲ့အတွက် ပြဿနာမရှိဘူး” ဟု ယင်းက ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဖုန်းနဲ့အင်တာနက် သုံးတာတွေကလည်း များလာတဲ့အပြင် ဖုန်းကတ်တွေကလည်း Prepaid ကတ်စနစ် ဖြစ်တဲ့အတွက် အခုလို အလွယ်တကူဝယ်နိုင်တာ ကောင်းပါတယ်။ ဖုန်းနဲ့ အင်တာနက် သုံးတဲ့အခါ တစ်မိနစ်ကို နှစ်ကျပ်၊ လေးကျပ် ဆိုပေမယ့် တစ်သောင်းတန် ငွေဖြည့်ကတ် ထည့်ထားရင်တောင် တစ်နေကုန် သုံးမယ်ဆိုရင်သုံး၊ လေးရက်ပဲခံတဲ့အတွက် အွန်လိုင်းကနေ ငွေဖြည့်နိုင်တော့ အသုံးပြုသူတွေ အတွက်လည်း အဆင်ပြေတာပေါ့” ဟု ပြောကြားသည်။
အွန်လိုင်းမှ ငွေဖြည့်ကတ် ဝယ်ယူရာတွင် ကျပ်တစ်သောင်းတန် တစ်ကတ်လျှင် ငွေကျပ် ၉၉၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး၊ Myanpay အကောင့်တွင် အနည်းဆုံး ကျပ် ၁၀၀၀၀ ကျော် ထားရှိရမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် ငွေဖြည့်ကတ်သုံးစွဲသူများ အနေဖြင့် www.prepaidcard.com.mm မှနေ၍ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။                   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။