Wednesday, September 12, 2012

4G စနစ်ကို ဆီးဂိမ်းအမီ ရတနာပုံ တယ်လီပို့မှ စမ်းသပ်လျက်ရှိ


မြန်မာနိုင်ငံ၏ 4G ကွန်ရက်စနစ်ကို ၂၀၁၃ ဆီးဂိမ်း အမီ အသုံးပြုနိုင်ရန် အတွက် ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ စတင် စမ်းသပ် ဆောင်ရွက်လျက်ရှိကြောင်း  ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဦးက ပြောသည်။
အဆိုပါ 4G ကွန်ရက်စနစ်မှာ လက်ရှိ အသုံးပြုလျက်ရှိသော 3G ကွန်ရက်စနစ်အထက် ဆက်သွယ်မှုပိုင်း ပိုမိုကောင်းမွန်စေခြင်းနှင့် အင်တာနက် အသုံးပြုမှုပိုင်းပါ ယခင်ကထက် ပိုမိုကောင်းမွန်လာမည် ဖြစ်သည်ဟု သိရသည်။

“ရတနာပုံတယ်လီပို့ ကုမ္ပဏီကနေ 4G ကွန်ရက်စနစ်ကို စတင် စမ်းသပ်နေပါပြီ။ လက်ရှိအချိန်မှာ တစ်ကီလိုမီတာခွဲ ပတ်လည်လောက်အထိ စမ်းသပ် အောင်မြင်နေပါပြီ။  ဒီစနစ်ကို နောက်ပိုင်း ကာလတွေမှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု ရတနာပုံမှ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဦးက ပြောသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်း ဆက်သွယ်ရေး နည်းပညာများနှင့် အင်တာနက် မြန်နှုန်းများကို တိုးတက် ကောင်းမွန်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးရှိ ကျေးရွာများတွင်ပါ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်များ အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာစနစ်များဖြင့် ပြေးဆွဲ ဆောင်ရွက်လျက် ရှိပြီး ဖိုက်ဘာစနစ် ပြေးဆွဲနိုင်ခြင်း မရှိသော ဒေသများတွင်လည်း Wireless စနစ်များဖြင့် အသုံးပြုနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။       

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။