Wednesday, September 12, 2012

SMK (အထည်ချုပ်)စက်ရုံမှ ဦးဆောင်သူ(၆)ဦးအား မရမ်းကုန်းရဲစခန်းက အမှုဖွင့်


လှိုင်သာယာ စက်မှုဇုန်(၄)အတွင်းရှိ SMK (အထည်ချုပ်) စက်ရုံမှ အလုပ်သမားများအနေဖြင့် စီတန်းလှည့်လည် ခွင့်ပြုမိန့်တောင်းခံ   ခြင်းမရှိပဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူများအား မရမ်းကုန်းရဲစခန်းက စက်တင်ဘာ(၁၁)ရက်နေ့တွင် အမှု ဖွင့်ခဲ့ကြောင်း သိရှိရသည်။

''အမှုဖွင့်ထားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ကျန်တာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိပါဘူး '' ဟု မရမ်းကုန်း ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

SMK (အထည်ချုပ်) စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်သည် အခြေခံလစာတိုးမြှင့်ပေးရေးအပါအဝင် အချက်ပေါင်း(၂၈)ချက် ကို တောင်းဆိုရန် စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၇)နာရီခွဲခန့်တွင် လှိုင်သာယာမှ ရှစ်မိုင်အလုပ်သမားဝန်ကြီးဌာနရုံးသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သူ ရီရီသန့်၊ ပြည့်ဖြိုး၊ နိုင်ဝေလင်း၊ အေးအေးမျိုး၊ လှမင်းထူးနှင့် မျိုးမင်း အောင်တို့အား ပုဒ်မ (၁၈)ဖြင့် အမှုဖွင့်ဆိုထားပြီး လက်ရှိတွင် ငွေကျပ်တစ်သိန်းစီဖြင့် ခံဝန်ကတိလက်မှတ် ထိုးခိုင်းထားကြောင်း သိရသည်။

''သူတို့ထဲက ခေါင်းဆောင်(၆)ဦးကို အမှုဖွင့်ထားပါတယ်။ လတ်တလောမှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ အမှုဖွင့် တာကတော့ တရားမဝင်၊ ခွင့်ပြုမိန့်မတောင်းပဲ စီတန်းလှည့်လည်လို့ဆိုပြီး မရမ်းကုန်းရဲစခန်းက အမှုဖွင့်တာပါ'' ဟု အလုပ် သမားကိစ္စများအား လိုက်လံဖြေရှင်ပေးသူ (၈၈)မျိုးဆက်ကျောင်းသူ မသက်သက်အောင်ကပြောသည်။

ထိုစက်ရုံသည် အလုပ်သမား (၂ဝဝဝ) ကျော်ဖြင့် လည်ပတ်နေသော အတည်ချုပ်စက်ရုံတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကမြေနီကုန်း UNHCR ရုံးရှေ့တွင်နိုင်ငံတော် သမ္မတထောက်ခံအားပေးသည့် ဆန္ဒပြပွဲတွင်လည်း စမ်းချောင်းရဲစခန်းက အဆိုပါထောက်ခံပွဲမှ ဦးဆောင်သူ(၄)ဦးအား တရားစွဲသောကြောင့် လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။