Wednesday, September 12, 2012

ရွှေပြည်သာမှကျူးကျော်နေထိုင်သူများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်း


ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူများမှ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်နိုင်ရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဆောင်ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

''အခုက ဒုတိယမြောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆန္ဒပြတောင်း ဆိုသွားမှာပါ။ ပထမ အကြိမ်တုန်းကလည်း ကျွန်မတို့ ပါတီကပဲ ဦးဆောင်ပြီးတော့ ကူညီပေးခဲ့တာပါ။ ‘ဒီလအတွင်းမှာပဲ မြို့နယ်ရဲတပ်ဖွဲ့ကို အဆင့်ဆင့် တင်ပြပြီး လုပ်စရာရှိတာ လုပ်သွားမှာပါ '' ဟု တစညပါတီမှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

ရွှေပြည်သာမြို့နယ်မှ ကျူးကျော်နေထိုင်သူများမှ ပထမအကြိမ်ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ်လ (၁၃) ရက်နေ့၌ ကျူးကျော်နေထိုင်သူ (၁၅ဝ)ကျော်ဖြင့် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးရုံး အရှေ့တွင်(၂)နာရီအကြာ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။      

ရွှေပြည်သာမြို့နယ်၊(၁၈)ရပ်ကွက်၊ဦးညွန့်နှင့်ဦးဖိုးလှိုင်လမ်းကြား စက်မှုဇုန်ဝင်းတွင်းရှိ ကျူးကျော် နေထိုင်သူများ အား မြေကွက်ပိုင်ရှင်ဦးကျော်ခိုင်မှ တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းစီပေးပြီး သြဂုတ် လ(၁၇)ရက်နေ့ နောက်ဆုံး ထား၍ ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။ 

''အရင်တုန်းက ပိုင်ရှင်ဘယ်သူ ဘယ်ဝါဆိုတာတွေလည်း ကျွန်မတို့မသိပါဘူး။ အိုးအိမ်ကိုပေးဖို့ဆိုပြီး   မြေဌားခအဖြစ်   ငွေနှစ်သောင်းခွဲ ပေးရတယ်။ ကျွန်မတို့အနေနဲ့ မဖယ်ပေးချင်တာမဟုတ်ပါဘူး။ အခုက မိုးထဲရေထဲမှာဆိုတော့ ကလေးတွေကလည်းများ၊ နေစရာမရှိရင် အရမ်းဒုက္ခရောက်မှာမို့ လတ်တလောနေစရာလေး ပေးစေချင်တာပါ ''ဟု ကျူးကျော်နေထိုင်သက်တမ်း(၈)နှစ်ရှိသူ ဒေါ်ခင်လှက ပြောသည်။  

အဆိုပါ ဇုန်ဝင်းအတွင်းမှ ကျူးကျော်နေထိုင်သူများအား ပြောင်းရွှေ့ခိုင်းရခြင်းမှာ ၄င်းမြေပိုင်ရှင်များ အား (၆)လတွင်း လုပ်ငန်းဆောင် ရွက်မူမရှိပါက ပြည်သူပိုင်အဖြစ်သိမ်းဆည်သွားမည်ဖြစ်သော ကြောင့် ပြောင်းရွှေု့ခိုင်းခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကျုးကျော်နေထိုင်သူများထံက သိရှိရသည်။

''စခန်းနဲ့လာပြီးဖယ်ခိုင်းတော့  ရွှေ့မယ့်နေရာအဆင်သင့်မဖြစ်သေးလို့ ကျွန်မတို့အနေနဲ့ ပိုင်ရှင်ကို ညှိဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ပိုင်ရှင်နဲ့ ပေးမတွေ့ပါဘူး။ အခုကျူးကျော် တွေက ပိုင်ရှင်ထက် တောင်နေတာ စောတဲ့သဘောရှိတယ်။ အဲ့လိုမျိုး ပိုင်ရှင်ထက်စောရင်၊ ငွေပေးပြီးနေရတယ်ဆိုရင် ဖယ်ခိုင်းမယ်ဆိုရင် နို့တစ် (၃)ကြိမ် ပေးရမယ်လို့ ဥပဒေမှာ ရှိပါတယ်။အခုက တစ်ကြိမ်ပဲ ပေးပြီး ရွှေ့ခိုင်းနေတာ''ဟု ရွှေပြည်သာမြို့နယ်၊ တစညပါတီဝင်တစ်ဦးက ပြောသည်။   

ကျူးကျော်နေထိုင်သူများအား ရွှေပြည်သာစခန်းနှင့်ခြိမ်းခြောက်ကာ ဖယ်ခိုင်းခြင်းနှင့်ပတ်သက်၍ ပိုင်ရှင်ဦးကျော်ခိုင်အား ခြိမ်းခြောက်မှု(ပုဒ်မ ၅ဝ၆)နှင့်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သော်လည်း တရားရုံးမှ အမှုအားပလပ်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။   

ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူများသည် နာဂစ်ဒဏ်ထိကာ ဒေသအသီးသီးမှ ပြောင်းရွှေ့ နေထိုင်လာကြသောလူများဖြစ်ပြီး ယခုလက်ရှိတွင် ဦးကျော်ခိုင်ပိုင်သောမြေနှစ်ဧကကျော်ရှိ မြေကွက် ဝင်းတွင် အိမ်ထောင်စုပေါင်း(၇ဝ)ဝန်းကျင်ခန့် နေထိုင်ကာ သဲထမ်း၊ကျောက်ထမ်း၊ပန်းရံ၊ အထည်ချုပ် စသည့် အသက်မွေးဝမ်းကြောင်းများ ပြုလုပ်ကြသူများဖြစ်ကြောင်းကိုလည်း သိရှိရသည်။    

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။