Wednesday, August 8, 2012

တရုတ်ငွေဈေးနှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်တန်ဖိုးမြင့်တက်


တရုတ်ငွေဈေးအနည်းငယ်တက်မှုကြောင့် ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်ဝယ်လိုအားမရှိသော်လည်း ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း ဆိုင်ကယ်ပွဲစားများထံက သိရသည်။

''ဆိုင်ကယ်ကတော့ တစ်ရက်တစ်ရက်ကို ရာချီပြီးဝင်တယ်ဒါပေမဲ့ ရောင်းမကောင်းဘူး၊ ဈေးနည်းနည်းတက်တယ်''ဟု ဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ကိုဝင်းလွင်က ပြောသည်။

ထိုကဲ့သို့ ဝယ်လိုအားမရှိသော်လည်း ဆိုင်ကယ်များအား ဈေးချမရောင်းနိုင်ခြင်းမှာ တရုတ်ငွေဈေးတက်ခြင်းနှင့် မိုးတွင်းတွင် ဆိုင်ကယ်မောင်းသူများအနေဖြင့် ခရီးသိပ်မတွင်သောကြောင့်ဆိုင်ကယ်ဈေးများအား ချမရောင်းနိုင်ခြင်းဖြစ်သည်ဟု ဆိုင်ကယ်ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

''ဒီလတော့ဆိုင်ကယ်ဈေးတစ်သောင်းလောက် တက်သွားတယ်။ အောက်ဘီးတွေတောင် သုံးသိန်းလောက်ရှိနေတယ်။'' ဟု ဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ကိုသားသားက ပြောသည်။

အောက်ဘီးဆိုသည်မှာ ဈေးကွက်တွင်နာမည်မရှိသည့်လိုင်စင်မဲ့ဘီးများဖြစ်ပြီးဈေးကွက်အတွင်းတွင် Follow me , Totton, RoseBo , Shwe Bo စသည့်ဘီးများရှိကြောင်း သိရှိရသည်။

ယခုလက်ရှိ တရုတ်ငွေဈေးမှာ ဒေါ်လာပေါက်ဈေးဖြင့်တွက်လျှင် တစ်ယွမ်လျှင် မြန်မာကျပ်ငွေ၁၃၈ ကျပ်ခန့်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ ဆိုင်ကယ်ဈေးကွက်တွင်ဆိုင်ကယ်များဝင်ရောက်မှုများပြားခဲ့ခြင်းမှာ ဇွန်လမှစတင်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ဆိုင်ကယ်အဝင်များမှုမှာဆိုင်ကယ်လိုင်စင်များချပေးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

လိုင်စင်ချပေးနေသောကာလတွင်း၌ ဆိုင်ကယ်ပွဲစားတန်းတွင် ပထမ ၄/၅ရက်ခန့်သာဆိုင်ကယ်များ အရောင်းသွက် ခဲ့ကြောင်းသိရှိရပြီး ထိုလေးငါးရက်မှစ၍ ဆိုင်ကယ်ဈေးများကျပ်(၃ သောင်း)နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များအား လိုင်စင်ချပေးနေမှုမှာ ၆လပိုင်း ၆ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီးလေးလကြာ လိုင်စင်များချပေးနေမည်ဖြစ်ကြောင်း သိရှိရသည်။

မေလတွင် ကျပ် ၂၇ဝဝဝဝရှိသော နာမည်မကြီးသည့် ဆိုင်ကယ်များမှာ ဇွန်လဆန်းတွငကျပ်၂၉ဝဝဝဝ ရှိခဲ့ပြီး ယခုဇူလိုင် အကုန်တွင်ကျပ် ၃ဝဝဝဝဝ ခန့်ပေါက်ဈေးရှိနေပြီး နာမည်ရှိသောဆိုင်ကယ်များ( ကန်ဘို၊ လော်ဂျာ)မှာ မေလတွင် ကျပ် ၃၇ဝဝဝဝရှိရာမှ ဇူလိုင်တွင်၎ဝဝဝဝဝ ကျပ်နှင့် ယခုလများတွင် ၄၁ဝဝဝဝ ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်၌ ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်ဝယ်လိုအား နည်းနေခြင်းကြောင့် မြန်မာပြည်အလယ်ပိုင်းဖြစ်သော မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ မြင်းမူ၊ မန္တလေး နှင့် အခြားမြို့များ၏ ဈေးကွက်ကိုသာ အားကိုးနေရကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။