Sunday, August 26, 2012

 ရေမြောင်းပိတ်ဆို့မှု ကိစ္စနှင့်ပတ်သက်၍ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ရပ်ကွက်နေပြည်သူများမှ ဆန္ဒထုတ်ဖော်မှုပြုလုပ်



asia-2
ဆန္ဒ ထုတ်ဖော်ထုတ်မှုမြင်ကွင်းအား တွေ့ရစဉ်
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အလုံမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်အကြား သီရိမင်္ဂလာဈေးဟောင်းဘေးရှိ ရေမြောင်းကြီးတွင် ရေပိတ်ဆို့မှုကိစ္စနှင့် ပတ်သက်၍ အနီးနားတွင် နေထိုင်သော ရပ်ကွက်နေပြည်သူများ မှ အေးရှားဝေါလ်ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ  အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် အကြားရှိ မြောင်းကြီး၌လည်း ရေလျှံမှုကြောင့် အနီးရှိရပ်ကွက်များ၊ နေအိမ်များ အတွင်းသို့ ရေ၀င်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြောင်းရေလျှံရခြင်း အကြောင်းအရင်းမှာ ယင်းမြောင်းကြီးမှ ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သော ရေထွက်ပေါက်နေရာတွင် အေးရှားဝေါလ်ကုမ္ပဏီမှ  လုပ်ငန်းခွင်တစ်ခု ပြုလုပ်မှုကြောင့် မြောင်းကြီး၏ ရေစီးဆင်းမှုသည် ကောင်းမွန်စွာ စီးဆင်းနိုင်ခြင်း မရှိသဖြင့် မြောင်းရေလျှံကာ ရပ်ကွက်နေအိမ်များအတွင်းသို့ ရေများ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုကို ညနေ ၅ နာရီ ၀န်းကျင်ခန့်တွင် စတင်ခဲ့ပြီး ရပ်ကွက်နေလူအင်အား ရာဂဏန်းခန့်က အဆိုပါကုမ္ပဏီရှေ့တွင် ရေမြောင်းနှင့် မလွတ်ကင်းသော ကားပါကင် လုပ်ငန်းခွင်နေရာအား ဖျက်ပြီးရေမြောင်း ပြန်ဖွင့်ပေးပါ ဟူ၍ တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ရေလျှံမှုကို အာဏာပိုင်နှင့် အေးရှားဝေါလ်မှ အမြန်ဖြေရှင်းပါရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။ှ

ယင်းသို့ဆန္ဒထုတ်ဖော်မှု သို့လာရောက် ကြည့်ရှုသူလူဦးရေမှာ ထောင်ဂဏန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အဓိက ဆန္ဒပြရတဲ့ အကြောင်းရင်းက ရပ်ကွက်နေ ပြည်သူလူထုက ဒီကုမ္ပဏီရဲ့လုပ်ငန်းတစ်ခုကြောင့် ရေနှစ်မြုပ်ခံနေရတာကို မကျေနပ်လို့ပါ။ တကယ်ဆို ဒီကိစ္စမှာ ကုမ္ပဏီ အပြင်နောက် ထပ်ပြောစရာဖြစ်နေတာက ဒီစီမံ ကိန်းကို ဆောက်လုပ်တဲ့ အင်ဂျင်နီယာများကိုပါ။ နောက်ဆက်တွဲ အကျိုးအပြစ်ကို မတွက်ပဲနဲ့ ကုမ္ပဏီပြောတာကို လုပ်ပေးခဲ့တာလို့ ထင်မိတယ်။ တကယ်လို့သာ ဒီကပြည်သူတွေနဲ့ ကုမ္ပဏီက လူတွေကြားမှာ နားလည်မှုလွဲပြီး တစ်ခုခုဖြစ်ခဲ့ရင် နှစ်ဖက်စလုံးအတွက် နစ်နာမှာပါ။ အကြမ်းဖက်မှုကိုလဲ မလုပ်ချင်ပါဘူး။ ရေကြီးတာကိုလဲ မလိုချင်ပါဘူး" ဟု ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသည့် ပြည်သူတစ်ဦးက ပြောခဲ့သည်။
asia-1
ပြည်သူများနှင့် မီဒီယာများရှေ့တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆိုပါ နေရာအား ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ပြောဆိုနေစဉ်

ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေစဉ် ည ၉နာရီခွဲ ၀န်းကျင်ခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို၊ ကိုမြအေးတို့ ဦးဆောင်သောအဖွဲ့မှ အေးရှားဝေါလ် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၀င်ရောက်တွေ့ဆုံကာ ဆန္ဒထုတ်ဖော်နေသော ပြည်သူများနှင့် ညှိုနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်သူများအား တောင်းပန်ပါကြောင်း၊ မိမိတို့ စီမံကိန်းနေရာအား ဖယ်ရှားပေးရန် တောင်းဆိုမှုကို ယနေ့ညတွင်ပင် လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် ယခင်အတိုင်း ပြန်လည်ထားရှိပေး သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသော ပြည်သူများရှေ့သို့ထွက်၍ ကတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ဆန္ဒထုတ် ဖော်နေသူများအား မိမိတို့လိုလား ချက်များရရှိပြီဖြစ်သဖြင့် စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြရန် ၈၈ မျိုးဆက်ကျောင်းသားများမှ မေတ္တာရပ်ခံခြင်း၊ ကုမ္ပဏီက ပြည်သူများနှင့် မီဒီယာများရှေ့တွင် ကတိပေးထား ပေးပြီးပြီဖြစ်သောကြောင့် စိုးရိမ်ခြင်း မရှိကြရန် ပြောဆိုမှုများပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်နေသူ ပြည်သူများမှာ ည ၁၀နာရီ ၁၀မိနစ်အချိန်ခန့်တွင် လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအား တရုတ်လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သော CPI နှင့် အကျိုးတူးပူးပေါင်းကာ အကောင် အထည်ဖေါ် လုပ်ကိုင်ခဲ့သဖြင့် ပြည်သူ အများအပြား၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး မြစ်ဆုံစီမံကိန်းမှာလည်း လက်ရှိအချိန်တွင် ဆက်လက်ဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတော် သမ္မတမှ အမိန့်ထုတ်ပြန်ထားသဖြင့် ရပ်ဆိုင်းထားရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။