Wednesday, August 1, 2012

ရှင်စောပု မွန်အမျိုးသမီးများအသင်း ရန်ကုန်တိုင်းတွင် ဖွဲ့စည်း

ရန်ကုန် (မဇ္ဈိမ) ။      ။ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မွန်စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မွန်အမျိုးသမီးများ စုစည်းကာ ရှင်စောပု မွန်အမျိုးသမီးများအသင်းကို ဇူလိုင် ၂၈ ရက်က ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်တွင် ဖွဲ့စည်းလိုက်ကြသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အဖွဲ့ဝင် ၃၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေး လုပ်ရန် မရည်ရွယ်ဘဲ ပရဟိတ လူမှုရေးအသင်း အနေဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း မွန်လူမျိုး တသိန်းကျော်ခန့် နေထိုင်နေကြသော်လည်း သန်းခေါင်စာရင်းများအရ ငါးသောင်းကျော် ခန့်သာ ရှိနေသည်။ အကယ်၍ ငါးသောင်းခွဲအထိ ရှိပါက ရန်ကုန်တိုင်း အစိုးရတွင် မွန်ဝန်ကြီးတဦး ခန့်အပ်နိုင်လိမ့် မည်ဟု အသင်း ဥက္ကဋ္ဌ မိကွန်ချစ်ချစ် က ပြောသည်။

“မွန်လူမျိုး ဖြစ်နေပေမယ့် မှတ်ပုံတင်ထဲမှာ မြန်မာ/ဗုဒ္ဓ ဆိုပြီး ဖြစ်နေတာတွေ တပုံကြီးပဲ။ အဲဒါတွေကို မွန်/ဗုဒ္ဓ ဖြစ်စေ ချင်တယ်။ မကြာခင်မှာ သန်းခေါင်စာရင်းတွေ ကောက်တော့မယ်။ အဲဒီကျရင် မွန်လူမျိုးတွေအနေနဲ့ မွန်/ဗုဒ္ဓပဲ
ဖြည့်ကြပါလို့ တောင်းဆိုချင်ပါတယ်။ အခုလက်ရှိမှာ ကရင်ရေးရာဝန်ကြီး၊ ရခိုင်ရေးရာ ဝန်ကြီးတွေ ရှိနေပေမယ့် မွန်ရေးရာ ဝန်ကြီးတော့မရှိသေးဘူး။ ဒါကြောင့် မွန်လူမျိုး ငါးသောင်းခွဲ ရှိလာရင် ဝန်ကြီးတဦး ခန့်ထားဖို့ လွှတ်တော် ကို တောင်းဆိုနိုင်မယ်။ အဲဒီကမှ မွန်စာပေနဲ့ ယဉ်ကျေးမှုတွေကို ပြန်ပြီး ရှင်သန်လာအောင် လုပ်ရမယ်” ဟု ပြောသည်။

အဆိုပါ ရှင်စောပုအသင်း တရားဝင် ဖြစ်စေရန်အတွက် ဆောင်ရွက်ရန်များ လိုသေးကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ နိုင်ချစ်ဖေ က ပြောသည်။

“အသင်းအဖွဲ့ စည်းမျဉ်းကို ရေးဆွဲရမယ်။ ပြီးတော့ အသင်းသား ဦးရေကို ပြည်ထဲရေး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ်။ ခွင့်ပြုချက်ရမှ ကျနော်တို့ ဆက်လုပ်လို့ ရမှာပါ။ အခုထိတော့ မှတ်ပုံ မတင်ရသေးပါဘူး” ဟု ပြောဆိုသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။