Wednesday, August 1, 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ



31jul5
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အစိုးရအဖွဲ့က Tomas Ojea Quintana နှင့် သံတမန်များအား မောင်တော အဓိကရုဏ်းဖြစ်စဉ်နှင့် လက်ရှိဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြား နေစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana  သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ နိုင်ငံတကာသံတမန်များနှင့်အတူ ဇူလိုင်လ ၃၁ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့သည် စစ်တွေမြို့မှတစ်ဆင့် တပ်မတော် ရဟတ်ယဉ်သုံးစင်းဖြင့် မောင်တောမြို့နယ်တောင်ပိုင်း ရှိ ရခိုင်တိုင်းရင်းသား အိမ်ခြေလေးဆယ်ကျော်နှင့် ဘင်္ဂလီအိမ်ခြေ ၁၂၀၀ ကျော်ရှိသော အလယ်သံကျော် ကျေးရွာသို့ နံနက် ၁၀ နာရီ ခွဲအချိန်တွင် ရောက်ရှိခဲ့ကြောင်း နှင့် အဆိုပါကျေးရွာရှိ နယ်စပ်လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် အမှတ် (၇)နယ်မြေစခန်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း၌ တစ်ရွာလုံးမီးရှို့ခံခဲ့ရသော မောရ၀တီကျေးရွာမှ ရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ထို့နောက် ဘင်္ဂါလီလူမျိုးရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးဆွေယောဒူလာ နှင့်တွေ့ဆုံမေးမြန်းခဲ့ကာ မောရ၀တီကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နေ့လည် ၁ နာရီအချိန်တွင် မောင်တောမြို့သို့ရောက်ရှိခဲ့သည်။
31jul51
‘နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက် အားထောက်ခံပါသည်။’ ‘နိုင်ငံတောသမ္မတ၏ ဆုံးဖြတ်ချက်ကိုလေးစားပါ။’ ‘တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ။’ ‘မျှမျှတတဆက်ဆံပါ။’ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရခိုင်တိုင်းရင်းသား များက ဆန္ဒထုတ်ဖော်နေစဉ်
အဆိုပါအဖွဲ့သည် မောင်တောမြို့သို့ရောက်ရှိချိန်တွင် မောင်တောမြို့ခံအချို့မှလည်း ဗဟိုကျောင်း နှင့် ဘင်္ဂါလီများမီးရှို့ဖျက်ဆီးခဲ့သော သဇင်တည်းခိုခန်းရှေ့တို့တွင် UN/INGO Get Out စာတန်းရေးသားထားသည့် အင်္ကျီများ ၀တ်ဆင်ကာ ‘နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက် အားထောက်ခံပါသည်။’ ‘နိုင်ငံတောသမ္မတ၏ ဆုံးဖြတ်ချက်ကိုလေးစားပါ။’ ‘တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ။’ ‘မျှမျှတတဆက်ဆံပါ။’ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရခိုင်တိုင်းရင်းသား တစ်ရာကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း လည်းသိရသည်။
အဆိုပါအဖွဲ့သည် မွန်းလွဲ ၁ နာရီ ၄၅ အချိန်တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ရုံးခန်းမတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အစိုးရအဖွဲ့က Tomas Ojea Quintana နှင့် သံတမန်များအား မောင်တောအဓိကရုဏ်းဖြစ်စဉ်နှင့် လက်ရှိဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
Tomas Ojea Quintana သည် မောင်တောမြို့ပေါ်မှ ဘင်္ဂါလီလူမျိုးငါးဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအခန်းတစ်ခုတွင် သီးခြားတွေ့ဆုံမေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ယင်းမှတစ်ဆင့် Tomas Ojea Quintana နှင့်အဖွဲ့သည် အောင်မြေဗောဓိ သာသနာ့ရိပ်သာ တွင်ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
31jul51a
Tomas Ojea Quintana နှင့် သံတမန်များ အောင်မြေဗောဓိ သာသနာ့ရိပ်သာ တွင်ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံနေစဉ်
ဆက်လက်၍ အဆိုပါအဖွဲ့သည် မောင်တောမြို့နယ် လေးမိုင်အမှတ် (၂) ရဲတပ်ရင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့သွားရောက်ခဲ့ကာ လိုက်ပါလာသော သံတမန်အချို့ကလည်း ၄င်းတို့သိလိုသည် များကို ဒုက္ခသည်များအား မေးမြန်းခဲ့ကြသည်။
Tomas Ojea Quintana သည် မောင်တောမြို့ပေါ်ရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ရာ တွင် လေ့လာကြည့်ရှုရုံသာ လာရောက်ခဲ့ပြီး ဒုက္ခသည်များအား မေးမြန်းမှတ်သားခြင်းများ မပြုလုပ်ခဲ့ဘဲ ဒုက္ခသည်များ ပြောကြားချက်များကိုသာ နားထောင်ခဲ့သည့်အတွက် မောင်တောမြို့ခံ ရခိုင်တိုင်းရင်းသား အချို့မှလည်း ကျေနပ်မှုမရှိကြောင်း သိရသည်။
“ဘင်္ဂါလီတွေအတွက် လာတာတော့ ထင်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူကဘင်္ဂါလီ ငါးယောက်ကို အခန်းတစ်ခုတည်းမှာ သီးသန့်ခေါ်ပြီးတွေ့တယ်။ ရခိုင် တိုင်းရင်းသားတွေကျတော့ သူတို့ဘာမှမမေးဘဲနဲ့ ပြောတာတွေကိုပဲ နားထောင်သွားတယ် ဆိုကတည်းက သူလာတာသည် တရားမျှတမှုမရှိဘူး။ လူမျိုးဘာသာမရွေး သူတို့ကူညီထောက်ပံ့တယ်လို့ကုလသမဂ္ဂက ပြောနေတာပဲ ဘင်္ဂါလီပြောတာကိုပဲ မေးမြန်းနားထောင်ပြီးတော့ ကမ္ဘာကို လိမ်ဦးမယ်လို့ ထင်တာပဲ’’ဟု မောင်တောမြို့၊အလိုတော်ပြည် အောင်မြေဗောဓိ သာသနာ့ရိပ်သာဆရာတော် ဦးမဏိသာရက မိန့်ကြားခဲ့သည်။
“Tomas Ojea Quintana  တို့အဖွဲ့လာတာတွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူလာတယ်။ ဒီကလူတွေနဲ့တွေ့ခဲ့တယ်။ နောက်ပြီး ဘင်္ဂါလီတွေနဲ့လည်း သီးသန့်တွေ့ခဲ့တယ်။ သံသယဖြစ်မိတာကတော့ သူဟာဒီကဖြစ်ပျက်ခဲ့တာတွေကို မြင်ခဲ့တာတွေကို ကမ္ဘာကို အမှန်ပြောပါမလား ဆိုတာကို သံသယ ဖြစ်မိတယ်။’’ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးဝင်းမောင် က ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် Tomas Ojea Quintana  နှင့်အတူ နယ်စပ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ပြည်ထောင်စုဒုတိယ၀န်ကြီးများ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နှင့် သံရုံးအသီးသီးမှ သံတမန်များ လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။