လုပ်ခလစာနည်းပါးမှု နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန် (၁)အတွင်းရှိ TEFEL Packing Industries Co.Ltd စက်ရုံမှ အလုပ်သမား ဆန္ဒဖော်ထုတ်မှု ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လစာနည်းပါးမှုနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကို ယနေ့စက်ရုံမှ အလုပ်သမားများအား လစာထုတ်ပေးပြီး အချိန် အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ပြီး အလုပ်သမားဦးရေ ၅၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ ဒီနေ့မနက် လစာထုတ်တော့ ကျွန်မတို့လစာနဲ့ ပြီးခဲ့တဲ့လကမှ စ၀င်တဲ့သူရဲ့လစာက တူတူဖြစ်နေတယ်။ ကျွန်မတို့ဒီလမှာလစာ FEC ၆၁ကျပ်ရပါတယ်။ ဒါက အားလုံးရှိရှိသမျှဟာ တွေပေါင်းပြီးရတဲ့ လစာပါ။ ကျွန်မတို့ကဒီမှာ အလုပ်လုပ်လာတာ ၈နှစ် ကျော်နေပါပြီ။ ဒီလိုနောက်မှ အသစ် ၀င်လာတဲ့သူတွေကို လစာ FEC ၁၅ ကျပ်လောက်အထိ တိုးပေးပြီး ကျွန်မတို့ကို ၄ကျပ်လောက်ပဲ တိုးပေးတာဟာ မဖြစ်သင့်ပါဘူး။ တကယ်ဆိုဒီမှာက လူဟောင်းတွေ အကုန်လုံးကပဲ အလုပ်ကို ဦးဆောင်ပြီး လုပ်နေရတာပါ။ တစ်လလုံးမှာ ရက်မှန်မှန် အလုပ်ဆင်းရင် ၂ ကျပ် လောက်ရပါတယ်။ တစ်နေ့အလုပ် ပျက်ရင်တော့ လစာထဲက ၃ကျပ် ဖြတ်ပါတယ်။ ကျွန်မတို့ ဒီလိုတောင်းဆိုနေတယ်ဆိုတာဟာ နောက်မှဝင်လာတဲ့လူသစ်တွေကို မကျေနပ်၊ မနာလိုတဲ့သဘောနဲ့ မဟုတ်ပါဘူး။ တကယ်ဆိုရင် လစာတိုးမယ်ဆိုရင်လည်း အညီအမျှဖြစ်သင့်တယ် ထင်လို့ပါ” အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောပါသည်။

တောင်းဆိုမှုဖြစ်ပွားခဲ့သည့် နေ့တွင် အလုပ်သမားများဖက်မှ ကိုယ်စားလှယ်များနှင့် စက်ရုံမှ တာဝန်ရှိသူများ လုပ်ခလစာနှင့် ပတ်သက်၍ ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
TEFEL Packing Industries Co.Ltd စက်ရုံမှာ ပီနံအိတ် ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ပိုင်ရှင်ဖြစ်သူမှာ မလေးရှား၊ တရုတ်နိုင်ငံသားဖြစ်ကြောင်း သိရသည်။
စက်ရုံမှ တာဝန်ရှိသူ ဦးကျော်နိုင်လင်းက “ အခု ကျွန်တော်တို့အနေနဲ့ မြို့နယ်၊တိုင်း အဆင့်ဆင့်က တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးနေပါတယ်။ ဘယ်နှုန်းထား၊ ဘယ်အချိန်မှာ အလုပ်သမားတွေကို တိုးပေးမယ်ဆိုတာ ခုထိ မသတ်မှတ်ရသေးပါဘူး။ အလုပ်သမားတွေဘက်ကလည်း မဖြစ်နိုင်တဲ့ လစာနှုန်းထားကို တောင်းမယ်ဆိုရင်လည်း သူတို့ဖြစ်ချင်တာ မဖြစ်လာနိုင်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။
ယခုအချိန်အထိ ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ်များနှင့် စက်ရုံမှတာ ၀န်ရှိသူတို့ ညှိုနှိုင်းနေမှုနှင့်ပတ်သက်၍ အလုပ်သမားတစ်ဦးဖြစ်သူ ကိုမျိုးသွင်က “မနက် ၁၁နာရီအချိန်ထဲ က အခုအချိန်ထိ ညှိုနှိုင်းနေဆဲပါပဲ။ ကျွန်တော်တို့ အလုပ်သမားတွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာပါ။ အကယ်၍လိုက်လျောမှု တစ်စုံတရာမရှိဘူးဆိုရင် လိုက်လျော ပေးနိုင်တဲ့အချိန်ထိကို ဆန္ဒဖော်ထုတ် သွားမှာပါ” ဟုပြောပြခဲ့သည်။

ဆန္ဒဖော်ထုတ်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ လုပ်သက်ကြာမြင့်သည့် ၀န်ထမ်းအများစု ကို လစာတိုးမြင့်ပေးခြင်းမရှိခြင်းနှင့် အောက်ခြေ၀န်ထမ်းများကိုလည်း သတ်မှတ်ထားသည့် လစာနှုန်းထား မပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။