Wednesday, August 1, 2012

တိုင်း ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက်ကို ပြည်ထောင်စုခုံရုံးက ပြင်ဆင်ဆုံးဖြတ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ADK အထည်ချုပ်စက်ရုံမှ အလုပ်ရှင်၊ အလုပ်သမားအရေး တိုင်ကြားမှုတွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် နှစ်ဦးကိုသာ အလုပ်မှ ထုတ်ပယ်ရန်နှင့် လုပ်သက်အလိုက် နစ်နာကြေး ပေးရန် ဟူ၍ ပြည်ထောင်စုအဆင့် ဝါဏိဇ္ဇ ခုံသမာဓိကောင်စီက မူလ တိုင်းခုံမသမာဓိ၏ ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က ပြင်ဆင် ဆုံးဖြတ်လိုက်သည်။

ADK အထည်ချုပ်စက်ရုံတွင် ဇွန်လအတွင်းက ဖြစ်ပွားသည့် ဝါဏိဇ္ဇပဋိပက္ခကို ရန်ကုန်တိုင်း ခုံသမာဓိက ဆုံးဖြတ်ခဲ့ရာ တွင် သမဂ္ဂ ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် လုပ်သား ကိုးဦးအား အလုပ်မှ ထုတ်ပယ်ရန် ဖြစ်သည်။

သို့သော် ထိုဆုံးဖြတ်ချက်အပေါ် မကြေနပ်၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် အလုပ်သမားများက ပြည်ထောင်စုအဆင့် ခုံသမာဓိ ကောင်စီသို့ ထပ်မံတိုင်ကြားရာ ကိုးဦးအနက် သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်မင်းထွေးနှင့် သမဂ္ဂ အမှုဆောင် ဦးမျိုးသော် တို့ နှစ်ဦးကိုသာ အလုပ်မှ ထုတ်ပယ်ရန်နှင့် လုပ်သက်လစာ လေးလစာနှင့် သုံးလစာ အသီးသီး နစ်နာကြေးပေးရန် ပြင်ဆင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီမှ အဖွဲ့ဝင် ဦးရဲနိုင်ဝင်း က ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး “ဘက်လိုက်မှု မရှိတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ” ဟု ပြောသည်။

နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက်များသာမက စက်ရုံအတွင်း ကွင်းဆင်းလေ့လာကာ ရရှိလာသည့် တွေ့ရှိချက်များ အပေါ် မူတည်၍ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁ဝ ရက်နေ့က ADK အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုးဦးသည် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခြင်းတွင် ပါဝင်ခဲ့သည့်အတွက် နောက်တနေ့တွင် အလုပ်ရှင်မှ အလုပ်က ထုတ်ပစ်ခဲ့သည်။

အဆိုပါ ပြဿနာကို မြို့နယ်အဆင့်တွင် သုံးကြိမ်တိုင် ညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှု မရှိဘဲ ရန်ကုန်တိုင်း ခုံအဖွဲ့မှသည် ပြည်ထောင်စု အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ ကြားနာ စစ်ဆေးခဲ့သည်။

အလုပ်သမားအရေး ပြဿနာကို ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီက ကြားနာ ဆုံးဖြတ်ရသည်မှာ အစိုးရသစ် တက်ပြီးနောက်ပိုင်း ဤ ADK အရေးသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ကိုကျော်မင်းထွေးနှင့် ကိုမျိုးသော်တို့ နှစ်ဦးကို အလုပ်မှထုတ်ပယ်ခွင့် ပြုရသည်မှာ အချိန်ပို မဆင်းရန်၊ စက်ရုံ ကြိုပို့ ယာဉ်ကို မစီးရန် လုပ်သားများကို လှုံ့ဆော်မှုနှင့် စက်ရုံအတွင်း စည်းကမ်း ချိုးဖောက်မှုဖြင့် ၂ဝ၁၁ ခုနှစ်က ခံဝန်လက်မှတ် ထိုးထားရခြင်းတို့ကြောင့်ဟု လုပ်သားများက ဆိုသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ADK စက်ရုံပိုင်ရှင်ကို မဇ္ဈိမက မေးမြန်းသော်လည်း ပြန်လည် ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ဦးကျော်မင်းထွေး က သူတို့သည် လုပ်ငန်းခွင် စည်းကမ်းချိုးဖောက်မှုများကို ၂ဝ၁၁ ခုနှစ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က တစုံတရာ အရေးယူခြင်းမရှိဘဲ ယခုမှ အလုပ်ထုတ်ပယ်ခြင်းသည် တရားမျှတမှု မရှိဟု ထင်မြင်ကြောင်း မှတ်ချက်ပြု ပြောကြားသည်။

“ကျနော်တို့ နှစ်ယောက်ကို အလုပ်ထုတ်ခွင့်ပေးတာကတော့ မကျေနပ်ဘူး။ ဒါပေမယ့် ကျန် ခုနှစ်ယောက်ကို အလုပ်ထဲ
ပြန်ဝင်ခွင့်ပေးတာကိုတော့ သဘောတူပါတယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ က ပြောသည်။

သို့သော် လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့်ရသည့် လုပ်သား ခုနှစ် ဦးကလည်း ဦးကျော်မင်းထွေးနှင့် ဦးမျိုးသော်တို့ကို အလုပ်ထုတ်လိုက်သည့်အတွက် လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် တွန့်ဆုတ် လျက်နေသည်ဟု အဆိုပါ အလုပ်သမားများထဲမှ တဦးက ဆိုသည်။

ပြည်ထောင်စုအဆင့်ရှိ ခုံသမာဓိအဖွဲ့ကို အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရဘက်တို့မှ ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး ယခုတိုင်ကြားမှုသည် ပြည်ထောင်စု အဆင်သို့ ရောက်ရှိလာသည့်အတွက် သီသန့်ခုံသမာဓိအဖွဲ့ဖြင့် ကြားနာခြင်းဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။

၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေတွင် အလုပ်ရှင်သည် မိမိလုပ်ငန်း၏ အလုပ်သမား အဖွဲ့အစည်းများကို အလုပ်သမားများအား ကိုယ်စားပြုသည့် အဖွဲ့အဖြစ် အသိအမှတ်
ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် အလုပ်သမားများကို အလုပ်သမားအဖွဲ့အစည်း တခုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း သို့မဟုတ် သပိတ်မှောက် ရာတွင် ပါဝင်ခြင်းကြောင့် အလုပ်ထုတ်ခြင်း မပြုရဟုလည်း ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်ကို ချိုးဖောက်ကြောင်း
ပြစ်မှုထင်ရှားလျှင် ငွေဒဏ် တသိန်း (သို့မဟုတ်) ထောင်ဒဏ် တနှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဟု
ဖော်ပြပါရှိသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန်က သမဂ္ဂဖွဲ့စည်းသည့်အတွက် အလုပ် ထုတ်ခံရခြင်းသည် ဥပဒေနှင့် မညီညွှတ်သော်လည်း ဥပဒေသည် အာဏာ အသက်ဝင်မှု နည်းပါးနေသေးသဖြင့် အလုပ်ထုတ်ခံရမှုများ ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ဥပဒေများ အသက်ဝင်ဖို့ လိုကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့်  သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။