Saturday, August 11, 2012

တရားမဝင် ထိုင်းများထဲမှ ထွက်ပြေးသူ တဦး ပစ်သတ်ခံရဟု မိသားစုပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုနှင့် အခြားရာဇဝတ်မှုများဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်းဆီးအရေးယူထားသော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးစဉ်က ထွက်ပြေးသူ တဦးအား မြန်မာစစ်တပ်မှ ပစ်ခတ်၍
သေဆုံးသွားခဲ့ရသည်ဟု သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုက ပြောသည်။

အခြား ထိုင်းနိုင်ငံသားများနှင့်အတူ ဇူလိုင်လ ၄ ရက်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် အတွင်း မြန်မာစစ်တပ်မှ ဖမ်းဆီးစဉ် ထွက်ပြေးရန် ကြိုးစားသည့် အသက် ၄၄ နှစ်အရွယ် မစ္စတာ ဝုန်စာကောင်း ပါဗော် Wongsakorn Pavor အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ခြေထောက်နှင့် နောက်ကျောတွင် ကျည်ဆံထိမှန်၍ ဖမ်းမိပြီး နောက်တနေ့တွင် သေဆုံးသွားသည်ဟု သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ချာယမုန်း ပါဗော် Chayamorn Pavor အား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ထိုင်း ၉၂ ဦးအား ချုပ်နှောင်ထားရာ ကော့သောင်းမြို့အနီး ၉ မိုင်အကျဉ်းထောင်သို့ ကြာသပတေးနေ့ ထောင်ဝင်စာ သွားရောက်၍ တွေ့ဆုံခဲ့သည့် ဆွေမျိုးများက မစ္စတာ ဝုန်စာကောင်း ပါဗော် သေဆုံးသွားရသည့်အကြောင်းကို ဖမ်းဆီးခံထားရသည့် ၎င်း၏ ဇနီး မစ္စက် ယာ Mrs Ya ပြောပြ၍ သိရှိခဲ့ရပြီးနောက် ထိုင်းနိုင်ငံရှိ သားဖြစ်သူအား
ပြန်လည်ပြောပြကြခြင်း ဖြစ်သည်။

မစ္စတာ ဝုန်စာကောင်း ပါဗော်မှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိသော်လည်း ဆေးဝါးကုသမှု ကောင်းစွာမခံရ၍
သေဆုံးခဲ့ရသည်ဟု မစ္စက်ယာ က ပြောဆိုသော်လည်း ထောင်အာဏာပိုင်များကမူ ထိုင်းနိုင်ငံသားတဦး ပစ်ခတ် ဖမ်းဆီးခြင်း၊ ဒဏ်ရာဖြင့် သေဆုံးခြင်းနှင့်ပတ်သက်၍ မကြားသိရကြောင်း ငြင်းဆိုကြသည်ဟု ဆွေမျိုးများက ဆိုသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကလည်း မစ္စတာ ဝုန်စာကောင်း ပါဗော် ကိစ္စနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များထံ စုံစမ်းမေးမြန်းနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကျန် ၉၂ ဦးအား နိုင်ငံခိုးဝင်မှု၊ သစ်တောမှုများဖြင့် ကော့သောင်းခရိုင်တရားရုံးမှ ဇူလိုင်လ ၂၂ ရက်နေ့တွင်
ထောင်ဒဏ် သုံးနှစ်ခွဲစီ ချမှတ်ခဲ့သည်။ အဆိုပါ ၉၂ ဦးထဲမှ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တဦးကို လက်နက်မှု
ဖြင့်လည်းကောင်း၊ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး တဦးကို မူးယစ်ဆေးဝါးမှုဖြင့် လည်းကောင်း ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လ ၉ ရက်နေ့က ထပ်မံ ရုံးထုတ်ခဲ့ပြီး ၁၃ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။